ရန်ကုန်၊ အောက်တိုဘာ ၃၀
လွှတ်တော်အတွင်း အမျိုးသမီးတို့၏ ဥပဒေ၊ မူဝါဒများနှင့် အခွင့်အရေးစသည့် အမျိုးသမီးအရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်မည့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (Women Parliamentarian Caucas) ကို ဖွဲ့စည်းရေးကို အောက်တိုဘာ ၃၀ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် “အမျိုးသမီးတို့၏အသံ” ဖိုရမ်က တောင်းဆိုလိုက်ကြောင်း ၎င်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့မှ အဖွဲဝင် ဒေါ်စူစဲန်နာလှလှစိုးက ပြောကြားသည်။
ဒုတိယအကြိမ် အမျိုးသမီးတို့၏ ဖိုရမ်ကို အောက်တိုဘာ ၂၉ နှင့် ၃၀ ရက်တို့တွင် ရန်ကုန်ရှိ အင်းလျားကန် ဟိုတယ်၌ ကျင်းပခဲ့ပြီး ပြည်တွင်း/ပြည်ပ အရပ်ဘက် လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေး အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်။
“လွှတ်တော်ထဲမှာ အမျိုးသမီး အမတ်တွေလည်း နည်းသေးတယ်။ ဖွဲ့စည်းလိုက်ခြင်းအားဖြင့် ဥပမာ-အဆိုတစ်ခုကို တင်သွင်းလိုက်မယ် ဆိုလို့ရှိရင် တစ်ယောက်တည်းက ကန့်ကွက်တာ/ထောက်ခံတာထက် အစုအဖွဲ့နဲ့ ဆိုလို့ရှိရင် ပိုပြီးထိရောက်နိုင်တယ်ပေါ့နော်” ဟု ဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့ဝင် ဒေါ်ရွှေရွှေစိန်လတ်က ဆိုသည်။
ဒီမိုကရေစီ နိုင်ငံအများစုတွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များအဖွဲ့များ ရှိပြီး နိုင်ငံတကာဆိုင်ရာ အမျိုးသမီး လွှတ်တော်အမတ်များအဖွဲ့ (International Women Parliamentarian Caucas) လည်းရှိရာ အဆိုပါ အဖွဲ့များနှင့်လည်း ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
အဆိုပါ တောင်းဆိုချက်များကို ဆောင်ရွက်ရန်အတွက် လုပ်ငန်းကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အမှန်အတိုင်း ပြောရမယ်ဆိုလို့ရှိရင် လွှတ်တော်အတွင်း ကျွန်မတို့ အမျိုးသမီး လွှတ်တော်အမတ်တွေ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု အားနည်းသေးတယ်။ ဒီလိုအဖွဲ့တွေ ဖွဲ့လိုက်ခြင်းအားဖြင့် အမျိုးသမီး အခွင့်အရေး၊ ကျား/မတန်းတူရေးကို တောင်းဆိုတဲ့အခါမှာ ပိုမိုထိရောက်နိုင်မယ်။ အမျိုးသမီးနဲ့ဆိုင်တဲ့ ဥပဒေတွေလည်း အများကြီး ပြင်ရဦးမယ်” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။
အေးချမ်းမွန် Credit To >The Voice Weekly

Post a Comment