0


ထင်လင်းအောင်| သောကြာနေ့၊ နိုဝင်ဘာလ ၈ ရက် ၂၀၁၃ ခုနှစ်

အာဆီယံ စီးပွားရေးအသိုက်အ၀န်း AEC စတင်မည်ဆိုသော်လည်း စံနှုန်းများအတိုင်း ရာနှုန်းပြည့်မ ဆောင်ရွက်သေးဘဲ လေးနှစ်တာသက်သာခွင့်ရရှိရေး အစိုးရအဖွဲ့က တင်ပြပေးစေလိုကြောင်း စက်မှု ဒုတိယ၀န်ကြီးအား လုပ်ငန်းရှင်များက တောင်းဆိုလိုက်သည်။

၂၀၁၅ ခုနှစ်တွင် AEC ၌ မြန်မာနိုင်ငံမှပါဝင်ရန် သဘောတူညီထားသော်လည်း ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများနှင့် ယှဉ်ပြိုင်ရန် အဆင်သင့်မဖြစ်သေး၍ ပြည်တွင်းအသေး စားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်နိုင်ရေး အားပေးသည့်အနေဖြင့် ယင်းသို့ သက်သာခွင့် တောင်းဆိုခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုဆပ်ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးအောင်နှင့် လုပ်ငန်းရှင်များ နိုဝင်ဘာ ၆ ရက်က တွေ့ဆုံခဲ့ရာ မြန်မာနိုင်ငံစက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦးထွန်းနိုင်အောင် ယင်းသို့ တင်ပြခြင်းဖြစ်သည်။

အာဆီယံ စီးပွားရေးအသိုက်အ၀န်း AEC စတင်မည်ဆိုပါကပါဝင်သည့် နိုင်ငံများအားလုံးသည် နိုင်ငံ အချင်းချင်း ကုန်စည်ကူးသန်းရောင်းဝယ်မှုပြုရာတွင် အရေးကြီးအဖြစ် သတ်မှတ်ထားသည့် ကုန်စည်များ မှအပ ကျန်ကုန်စည်များအားလုံးကို အကောက်ခွန်မဲ့ရောင်းဝယ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဒေသတွင်း နိုင်ငံများအားလုံးမှ လုပ်ငန်းရှင်များသည် အကောက်ခွန်မဲ့ တင်သွင်းရောင်းချနိုင်သဖြင့် ပြည် တွင်းဈေးကွက်တွင် ဈေးနှုန်းသက်သာစွာရောင်းချနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များမှာမူ ငွေကြေးအရင်းအနှီး၊ လျှပ်စစ်နှင့်သယ်ယူပို့ဆောင်မှု၊ အခြေခံ အဆောက်အအုံအားနည်းချက်၊ ထုတ်ကုန်နည်းပညာအားနည်းချက်များ ရှိနေဆဲဖြစ်ရာ AEC စတင်ပါက ပြည်ပမှဝင်ရောက်လာမည့် ကုန်စည်များနှင့် ဈေးကွက်ယှဉ်ပြိုင်ရန်မှာ အားနည်းချက်များရှိနေဆဲဖြစ် ကြောင်း ပြည်တွင်းလုပ်ငန်းရှင်များကပြောသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကုန်စည်များကို အခွန်စည်းကြပ်ခြင်းနှင့် မြန်မာနိုင်ငံမှတင်ပို့ သည့် ကုန်စည်များကို အခွန်ကင်းလွတ်ခွင့်ပေးခြင်းကဲ့သို့သောအစီအစဉ်များကို လေးနှစ်ခန့်ပေးရန် လုပ်ငန်းရှင်များက စက်မှုဒုတိယ၀န်ကြီးမှတစ်ဆင့် အစိုးရထံတင်ပြပေးနိုင်ရေး တောင်းဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက “AEC သဘောတူညီမှုလက်မှတ်ရေးထိုးထား ပြီးဖြစ်တဲ့အတွက် သက်သာခွင့်ရဖို့ဆိုတာကတော့ သိပ်မလွယ်ဘူး။ ဒါပေမဲ့ အာဆီယံ ၁၀ နိုင်ငံရဲ့ ဆုံး ဖြတ်ချက်နဲ့ပဲဆိုင်တော့ ရကောင်းလည်းရနိုင်တယ်။ တောင်းဆိုကြည့်ဖို့ကတော့ ကိုယ့်တာဝန်ပဲလေ။ တစ်ခုပဲရှိတယ်။ အစိုးရကရော ဒီကိစ္စကို တောင်းဆိုပေးမလားပေါ့။ ခုပုံစံအတိုင်းကတော့ ပြည်တွင်းလုပ် ငန်းရှင်တွေ မလွယ်လောက်ဘူး” ဟု ပြောသည်။

ဦးထွန်းနိုင်အောင်က “အခုဆိုရင် ပြည်တွင်းလုပ်ငန်းရှင်တွေက ပေါင်းမလား၊ ရောင်းမလားဆိုတာတွေ ဖြစ်နေပြီ” ဟု ဒုတိယ၀န်ကြီး ဦးမျိုးအောင်အား ပြောသည်။

AEC စတင်ခြင်းမှာ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ပြည်ပ၀င်ရောက်လာသည့် ကုန်စည်များအား ဈေး ကွက်ယှဉ်ပြိုင်ရေး အခက်အခဲဖြစ်လာနိုင်သော်လည်း ပြည်သူများအနေဖြင့်မူ နိုင်ငံခြားမှတင်သွင်းလာ သည့် ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်မည့်အခွင့်အရေးများကို ရရှိလာမည်ဖြစ်ကြောင်း ဦးမြတ်သင်းအောင်းက ဆိုသည်။

အာဆီယံနိုင်ငံများအနေဖြင့် ၂၀၁၅ ခုနှစ်တွင်AEC စတင်ရန် ၂၀၀၃ ခုနှစ်ကပင် စည်းဝေးတိုင်ပင်ခဲ့ခြင်း ဖြစ်ကာ ၂၀၀၈ ခုနှစ် ၊ ဒီဇင်ဘာလ ၁၅ ရက်တွင် “အာဆီယံ ပဋိညာဉ်စာတမ်း” စတင်အသက်ဝင်ခဲ့သည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top