Created on Tuesday, 29 October 2013 17:33
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား မတူညီမှုများ ရှိနေသော်လည်း လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် သဘောထားကွဲမှု ကြီးမားစွာ မဖြစ်ပေါ်နိုင်ဘဲ ညှိနှိုင်းရနိုင်မည်ဟု ယူဆကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တွဲဖက်အတွင်းရေးမှူး -၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အောက်တိုဘာ ၂၈ ရက်တွင် ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့၌ The Daily Eleven သို့ ပြောကြားသည်။
လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ မတိုင်မီတွင် ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)တို့က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်း (သို့မဟုတ်) နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ မူကြမ်းကို အစိုးရ အဖွဲ့သို့ ဦးစွာတင်ပြခဲ့သည်။
ထို့အပြင် အောက်တိုဘာ ၂၆ ရက် ရက်စွဲဖြင့်လည်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ မူဘောင်အပေါ် သဘောထားကို ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည့်အတွက် ထိုနှစ်ဖွဲ့၏ သဘောထားနှင့် ကျန်ရှိသော တိုင်းရင်းသား အဖွဲ့များ၏ သဘောထားတို့ လိုင်ဇာဆွေးနွေးပွဲတွင် ထိပ်တိုက်တွေ့မှုများ ဖြစ်လာနိုင်ချေ ရှိ၊ မရှိ The Daily Eleven ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"ထိပ်တိုက်တွေ့စရာ မရှိပါဘူး။ RCSS ဖြစ်ဖြစ်၊ KNU ဖြစ်ဖြစ် ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ဖြစ်တယ်။ အတူတကွလည်း အလုပ်လုပ်လာတာ ကြာပါပြီ။ နည်းနည်းပါးပါးလေး မညီတာ ရှိပေမဲ့ ညှိနှိုင်းလို့ ရပါတယ်။ နောက်ပြီးတော့ အများစု သဘောတူတယ်ဆိုရင် သူတို့လည်း တူမှာပဲ။ အထူးသဖြင့် KNU ဆိုရင် ကျွန်တော်တို့ရဲ့ UNFC ရဲ့ ဦးဆောင်တဲ့ အဖွဲ့ဝင်ဖြစ်တယ်။ KNU ဟာ တောက်လျှောက် တပ်ပေါင်းစုတွေမှာ ဦးဆောင်ခဲ့တယ်။ အခုလည်း ဆက်လက်ဦးဆောင် နေတယ်။ ဒါကြောင့် KNU အဖွဲ့အစည်းရဲ့ သဘောထားကတော့ ကျွန်တော်တို့ တပ်ပေါင်းစုမှာ အများကြီး လေးလေးနက်နက် ရိုက်ခတ်ပါတယ်" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
ထို့အတူ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (WGEC) ၏ ဦးဆောင်အဖွဲ့ဝင်ဖြစ်သော RSCC သည် UNFC အဖွဲ့ဝင် မဟုတ်သော်လည်း ထိုအဖွဲ့၏ သဘောထားကိုလည်း အလေးထားရမည်ဟု ၎င်းကဆိုသည်။
"RCSS ကတော့ ကျွန်တော်တို့ တပ်ပါင်းစုမှာ အဖွဲ့ဝင်တော့ မဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တယ်။ သို့သော်လည်းပဲ သူ့ရဲ့ကိုယ်စားပြုမှုနဲ့ အနေအထားပေါ့လေ။ ဒါကိုလည်းပဲ ကျွန်တော်တို့က အလေးထားရမှာ ဖြစ်တဲ့အတွက် ဒီမှာတော့ သဘောထားတွေက အကြီးအကျယ် ကွဲပြားဖို့တော့ မရှိပါဘူး။ ညှိနှိုင်းလို့ ရမယ်လို့ ယူဆပါတယ်" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကေအိုင်အို ဌာနချုပ် လိုင်ဇာ၌ ပြုလုပ်မည်ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့် လိုင်ဇာမြို့တွင်း တစ်နေရာအား အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
အေးချမ်းမွန် Credit To > eleven media group
Post a Comment