0


ရန်ကုန်၊ အောက်တိုဘာ ၂၄

အရှေ့တောင်အာရှ၏ အကြီးမားဆုံး GL Klang Wholesale (လက်လီ လက်ကားဈေးကြီး) တွင် မြန်မာအသုံး အဆောင်ပစ္စည်းများ လာရောက် ဖွင့်လှစ် ရောင်းချရန် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များကို စတင် ဖိတ်ခေါ်နေပြီ ဖြစ်ကြောင်း အဆိုပါ GL Klang ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr.Dato, Lim Seng Kok က The Voice သို့ ပြောကြားသည်။

အဆိုပါ ဈေးကြီးသည် မလေးရှားနိုင်ငံရှိ ကလန်းခရိုင်၊ ကလန်းဆိပ်ကမ်း အနီးတွင် တည်ရှိပြီး အာရှနိုင်ငံများမှ လုပ်ငန်းရှင် သောင်းချီ လာရောက်ရင်းနှီး မြှုပ်နှံသော ဈေးကွက်ကြီးတစ်ခု ဖြစ်သည်။
“လာအို၊ မြန်မာ၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံက လုပ်ငန်းရှင်တွေ လာဖို့ခေါ်ချင်တယ်။ အာဆီယံနိုင်ငံတွေ ပိုနီးစပ်ဖို့ လိုတာပေါ့” ဟု ဒါရိုက်တာ Mr.Dato, Lim Seng Kok က ထပ်လောင်း ပြောကြားသည်။

မြန်မာနိုင်ငံအနေနှင့် လုပ်ထုံးလုပ်နည်းများ ပွင့်လင်းလာသည့်အတွက် မလေးရှားနိုင်ငံသို့ လာရောက် လေ့လာ သော စီးပွားရေး လုပ်ငန်းရှင်များ ပိုများလာကြောင်း၊ ယင်းအတွက်ကြောင့် လာမည့်နှစ်များတွင် မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များကို ပိုမျှော်လင့်ထားကြောင်း ၎င်းကရှင်းပြသည်။

မလေးရှားနိုင်ငံ GL Klang တွင် နိုင်ငံစုံမှ ထုတ်ကုန်ပစ္စည်းများကို လက်လီလက်ကား ဖြန့်ဖြူး ရောင်းချလျက်ရှိပြီး ဈေးဆိုင် တစ်သောင်းငါးထောင်ကျော် ဖွင့်လှစ်ထားကြောင်း၊ အရောင်းဆိုင် အများစုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဖြစ်ပြီး အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ လုပ်ငန်းရှင်များစွာလည်း ရှိကြောင်း GL Klang တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။
“နိုင်ငံတကာ လုပ်ငန်းရှင်တွေ လာရင်တော့ ဒီကလိုအပ်တဲ့ လုပ်ထုံးလုပ်နည်း အကုန်လုံးကို စီစဉ်ပေးလို့ ရတယ်။ ဈေးကွက် အတွက်လည်း ရှာပေးလို့ရတယ်” ဟု Mr.Dato, Lim Seng Kok က ဆိုသည်။

မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ GL Klang တွင် ကုန်ပစ္စည်းများ ရောင်းချခြင်း၊ ဝယ်ယူခြင်း ပြုလုပ်လိုလျှင် မလေးရှားအစိုးရ၏ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို GL Klang ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ပြီး မြန်မာလုပ်ငန်းရှင်များသည် ကုန်ပစ္စည်း ကုန်ကျစရိတ်နှင့် ဆိုင်ခန်းငှားခ၊ ပစ္စည်း သယ်ယူစရိတ်ကိုသာ ပေးသွင်းရန် လိုအပ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။

မလေးရှားနိုင်ငံတွင် သွားရောက် ရင်းနှီးလိုသူများသည်www.gmklang.com နှင့် ဆက်သွယ်နိုင်ပြီး ၎င်းတို့ ကုမ္ပဏီအနေနှင့် စိတ်ပါဝင်စားပါက ကုမ္ပဏီ၏ ကိုယ်စားလှယ်အဖွဲ့ ကိုယ်တိုင်လာရောက် ရှင်းလင်းသွားမည် ဖြစ်ကြောင်း GL Klang ၏ အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောဆိုသည်။

GL Klang ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အမျိုးသမီး အဝတ်အထည် အသုံးအဆောင်များ၊ ကလေးအဝတ်အစားများ၊ အလှကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် အခြားအိမ်တွင်း အသုံးအဆောင်များကို နိုင်ငံပေါင်းစုံက ကုန်သည်များ ဝယ်ယူ ဖြန့်ဖြူးပေးနေသော အရှေ့တောင်အာရှ အကြီးဆုံး ဈေးကွက်တစ်ခု ဖြစ်သည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top