0


ကုန်းတွင်းလုပ်ကွက်များ လုပ်ကိုင်ခွင့် ရရှိခဲ့သည့် နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် စွမ်းအင်ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် ပြည်တွင်းကုမ္ပဏီများဖြင့်သာ ပူးပေါင်းလုပ်ကိုင် ရမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

"တင်ဒါအောင် နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ စွမ်းအင်ဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေနဲ့ပဲ ပူးပေါင်းလုပ်ကိုင်ခွင့် ပြုမှာပါ။ ပြင်ပကုမ္ပဏီတွေနဲ့ လုပ်ကိုင်ခွင့် မရှိပါဘူး။ အခု စွမ်းအင်ဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီပေါင်း ၁၅၇ ခု ရှိပါတယ်" ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ထပ်မံလုပ်ကိုင်ခွင့် ပြုခဲ့သည့် ကုန်းတွင်းလုပ်ကွက်များကို အိန္ဒိယ၊ အီတလီ၊ ပါကစ္စတန်၊ ဘရူနိုင်း၊ မလေးရှား၊ ကနေဒါ၊ လူဇင်ဘတ်၊ ရုရှား၊ ထိုင်းနှင့် British Virgin Islands နိုင်ငံတို့မှ လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကုမ္ပဏီများက လုပ်ငန်းလုပ်ကိုင်ရန် လိုအပ်သည်များကို စတင်ပြင်ဆင်နေပြီ ဖြစ်သည်။

လုပ်ကိုင်ခွင့် ရရှိခဲ့သည့် နိုင်ငံခြား ကုမ္ပဏီများအနက် မလေးရှားနိုင်ငံမှ လုပ်ကွက်နှစ်ခု ရရှိခဲ့ခြင်းဖြစ်ပြီး ၀င်ရောက်လုပ်ကိုင်မည့် မလေးရှား ကုမ္ပဏီဖြစ်သော Petronas ကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရရှိခဲ့သည့် လုပ်ကွက်တစ်ခုစီအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းမှ သန်း ၂၀ ၀န်းကျင်အထိ မြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ မစ္စတာ အာမက်လွတ်ပီဟာရွန်က ဆိုသည်။

စွမ်းအင်ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ စာရင်းတွင် ပတ္တမြားနဂါး၊ ရွှေတောင်၊ ကမ္ဘောဇ၊ ဧဒင်၊ အေ၀မ်းနှင့် IGE စသည့် ထိပ်တန်းကုမ္ပဏီကြီးများ ပါဝင်သည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ မန်းရေနံမြေ၊ ရေနံချောင်း ရေနံမြေ၊ ချောက်ရေနံမြေ၊ ငလှိုင်တွင်းရေနံမြေ၊ ကျောက်ဖြူ၊ အင်းတော်-ရဲနံ၊ ရွှေဘို-မုံရွာ၊ မဟူတောင်၊ စစ်တွေ၊ ဇီးဖြူတောင်-နန်းတော်၊ ဟူးကောင်း နှင့် ဥရုတို့ရှိ ကုန်းတွင်းလုပ်ကွက်များတွင် အင်ဒိုနီးရှား၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ရုရှားနှင့် British Virgin Islands တို့မှ ၀င်ရောက်မြှုပ်နှံ လုပ်ကိုင်လျက် ရှိသည်။

အေးချမ်းမွန် Credit To > Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top