0


သောကြာ

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေတွဲဖက်အတွင်းရေးမှူး ဦးခင်မောင်လွင်က လက်ရှိမြန်မာနိုင်ငံ တွင် ဖြစ်ပျက်နေသည့် ဗုံးပေါက်ကွဲမှုများကြောင့် အိမ်ရှင်အဖြစ် ကျင်းပမည့် ဆီးဂိမ်းလုံခြုံရေးအား ထိခိုက် စေမည်မဟုတ်ကြောင်း မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းများတွင် ရန်ကုန်နှင့် မန္တလေးအစရှိသည့် မြို့များတွင် ဗုံးလန့်မှု နှင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဆီးဂိမ်းပြိုင်ပွဲဝင်မည့် နိုင်ငံများမှ အဆိုပါကိစ္စနှင့် ပတ်သက်၍ အနည်းငယ် ထိတ်လန့်နေကြ သည်။ ဦးခင်မောင်လွင်က “လုံခြုံရေးက အရမ်းအရေးကြီးပါတယ်။ နိုင်ငံအနေနဲ့လည်း မျက်နှာမပျက်ရဘဲ အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ဖို့လိုပါတယ်။ အထူးသဖြင့် ဒီဗုံးပေါက်ကွဲမှုတွေက ပြည်တွင်းက ဖြစ်စေ၊ ပြည်ပကဖြစ်စေ လုံးဝလက်ခံနိုင်တဲ့ အနေအထားမရှိပါဘူး။ ပြိုင်ပွဲဝင်တွေရဲ့ လုံခြုံအေးချမ်းသာယာဖို့ ပြိုင်ပွဲ မှာ အနှောင့်အယှက်မရှိ ယှဉ်ပြိုင်နိုင်ဖို့က မြန်မာနိုင်ငံရဲ့ တာဝန်ပါ။ ဒီပွဲလုံခြုံရေးအတွက် သက်ဆိုင်ရာ အကြီးအကဲတွေက ထိပ်တန်းဦးစားပေးအနေနဲ့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်ပြဿနာမရှိလောက်ဘူးလို့ ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဒေသတွင်း နိုင်ငံ ၁၁ နိုင်ငံမှ အုပ်ချုပ်/နည်းပြ၊ အားကစားသမားစုစုပေါင်း ၂၀,၀၀၀ ခန့် လာရောက်မည် ဖြစ်ကြောင်း ခန့်မှန်းထားသည်။ လက်ရှိအချိန်တွင် ဒေသတွင်းနိုင်ငံများ ပါဝင်သည့် ဆီးဂိမ်းအကြို အား ကစားပြိုင်ပွဲ ၁၉ ခုအား မြန်မာနိုင်ငံ၌ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။

အေးချမ်းမွန် Credit To > Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top