24.10.2013
ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် နေပြည်တော်ဆီးဂိမ်းတွင် အိမ်ရှင်မြန်မာကစားသမားများနှင့် အာဆီယံဒေသတွင်းမှ လာရောက်မည့် ဧည့်သည်ကစားသမားများ အားလုံးကို စားသောက်ရန် တစ်နပ် လျှင် ဒေါ်လာသုံးဆယ်နှုန်းဖြင့် အကုန်အကျခံ ကျွေးမွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အတွင်းရေးမှူး ဦးမြင့်မိုးကျော်က မဇ္ဈိမသို့ ပြောသည်။
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် ကစားသမားများနေထိုင်ရေးနှင့် အစားအသောက် တာဝန်ကို စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတော်မှချ ပေးထားသော ဘတ်ဂျက် မလုံလောက်ပါက မိမိတို့အသင်းမှ စိုက်ထုတ်အကုန်အကျ ခံသွားမည်ဖြစ်ကြောင်းလည်း ဦးမြင့်မိုးကျော်က ဆိုသည်။
“လာမယ့်ဆီးဂိမ်းမှာ နိုင်ငံပေါင်းစုံက ကစားသမားတွေ လာမှာဆိုတော့ သေသေချာချာ ပြင်ဆင်ထားပါ တယ်။ မီနူးတွေထားပေးထားမှာဖြစ်ပြီး အရသာကောင်းမွန်ဖို့အတွက် အဆင့်ဆင့် ဆောင်ရွက်သွားမှာပါ။ နောက်ဆုံးတောင်ကြီးမှာရှိတဲ့ စိုက်ခင်းတွေကနေ ဟင်းသီးဟင်းရွက်တွေ နေပြည်တော်မှာရှိတဲ့ စားဖို ဆောင်ထဲအထိ တိုက်ရိုက်ရောက်လာဖို့ စီစဉ်ထားပါတယ်။ ကုန်ကျစရိတ် အတွက်ကတော့ နိုင်ငံတော် က တစ်နပ်ကို ဒေါ်လာသုံးဆယ်နှုန်းနဲ့ ဘတ်ဂျက်ချပေးထားပြီး ကစားသမားတွေဘက်က တောင်းဆို မှုတွေရှိလာလို့ ကုန်ကျစရိတ် ပိုခဲ့မယ်ဆိုရင်လည်းကျွန်တော်တို့က အရှုံးအမြတ်မတွက်ဘဲ စီစဉ်ပေးမှာ ပါ” ဟု ၎င်းကဆိုသည်။
ဆီးဂိမ်းတွင် ကစားသမားများကို အာဟာရပြည့်ဝစွာ ကျွေးမွေးနိုင်ရေးအတွက်အင်ဒိုနီးရှားဆီးဂိမ်းသို့ သွားရောက်လေ့လာမှုများ ပြုလုပ်ထားကာ ထိုင်းနိုင်ငံမှ အာဟာရပညာရှင်နှစ်ဦးကလည်း အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ဦးမြင့်မိုးကျော်က ဆက်လက် ပြောကြားသည်။
“ကစားသမားတွေကို အစားအသောက် ကျွေးတယ်ဆိုတာ အာဟာရပြည့်ဝဖို့ကလည်း အရေးကြီးပါ တယ်။ ဒီအတွက်ကျွန်တော်တို့ အင်ဒိုနီးရှားဆီးဂိမ်းကိုလည်း သွားရောက်လေ့လာမှု ပြုလုပ်ထားပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အာဟာရသိပ္ပံပညာရှင် မရှိတဲ့အတွက် ထိုင်းနိုင်ငံက အာဟာရပညာရှင်တွေကို လည်း အကူအညီ တောင်းထားပါတယ်”ဟု ၎င်းက ပြောသည်။ လာမည့်ဆီးဂိမ်းတွင် အာဆီယံနိုင်ငံ ပေါင်း (၁၁)နိုင်ငံမှ ကစားသမား တစ်သောင်းကျော် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အေးချမ်းမွန် Credit To >Mizzima
Post a Comment