လယ်ယာမြေနှင့် ပတ်သက်၍ လယ်လုပ်ပိုင်ခွင့် ကိစ္စမှ တရားစီရင်ရေး ကိစ္စအထိ ပြုလုပ်နိုင်မည့် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ထည့်သွင်းဖွဲ့စည်း သွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့ထံမှ သိရသည်။
ယခုနောက်ပိုင်းတွင် လယ်ယာမြေနှင့် ပတ်သက်သည့် အမှုအခင်းများ များပြားလာပြီး ယင်းတို့နှင့် ပတ်သက်၍ ပြည်သူများဘက်က နစ်နာမှုများ ဖြစ်ပွားနေရသည်။
ထို့အတွက် ယင်းအဖွဲ့အား ဖွဲ့စည်းရန် အောက်တိုဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ် အချို့က ဆိုသည်။
အဆိုပါ အဖွဲ့အား ရပ်ကွက်ကျေးရွာ အဆင့်၌သာ ဖွဲ့စည်းထားမှုရှိပြီး တိုင်းဒေသကြီး အဆင့်အနေဖြင့် ယခုမှ စတင်ဖွဲ့စည်းရန် စီစဉ်နေခြင်း ဖြစ်ကြောင်း၊ နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်မည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူး အစည်းအဝေးတွင် ယင်းအဖွဲ့အား မည်သို့ဖွဲ့စည်းမည်၊ လွှတ်တော် ကိုယ်စားလှယ် မည်မျှပါဝင် ဖွဲ့စည်းမည်ကို ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ရန်ကုန်တိုင်းဒေသကြီးအဆင့် လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အခုမှ စဖွဲ့မှာပါ။ အဲဒီအတွက် နိုဝင်ဘာ ၄ ရက်လုပ်မယ့် လွှတ်တော်အထူး အစည်းအဝေးမှာ အဆုံးအဖြတ် ယူမယ်။ ဒီအဖွဲ့က လယ်ယာမြေ လုပ်ပိုင်ခွင့် ကိစ္စတွေကစပြီး အယူခံဝင်မယ့် ကိစ္စတွေ၊ တရားစီရင်ရေး ကိစ္စတွေ အထိပါ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်" ဟု တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိလယ်ယာမြေ စီမံခန့်ခွဲမှု ကိစ္စရပ်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးက တာဝန်ယူ ကိုင်တွယ်ဖြေရှင်း နေခြင်းဖြစ်ပြီး ရပ်ကွက်ကျေးရွာ အဆင့်တွင် ဖွဲ့စည်းထားသည့် လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့တွင် အဖွဲ့ဝင် ငါးဦးဖြင့် ဖွဲ့စည်းထားသည်ဟု ဦးဝင်းထိန်က ပြောကြားသည်။
"ဒီလိုအဖွဲ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေပါ ပါဝင်တဲ့အတွက် လွတ်လွတ်လပ်လပ် ကိုင်တွယ်ဖြေရှင်း နိုင်မယ်လို့ ထင်တယ်။ အစိုးရ ၀န်ထမ်းတွေကျတော့ မလွတ်လပ်ဘူး" ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဆိုသည်။
"ဒီအဖွဲ့ ဖွဲ့ခြင်းအားဖြင့် မြေယာနဲ့ ပတ်သက်လို့ နစ်နာမှုတွေကို အကူအညီပေးနိုင်မှာပါ။ သမ္မတကြီးကလည်း ပြည်သူဗဟိုပြုလို့ ပြောထားတဲ့အတွက် ပြည်သူကို ကြည့်ရမှာပါ" ဟု သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ဆိုသည်။
အေးချမ်းမွန် Credit To > Eleven Media Group
Post a Comment