Tuesday, October 29, 2013
ကျုပ် ကြားဖူးတဲ့ ဗမာစကားတစ်ခွန်းရှိတယ်ဗျ။ ခင်ဗျားတို့လည်း ကြားဖူးမှာပါ။ ထမင်းတစ်လုပ်၊ တုတ်တစ်ချက် ဆိုတာလေ။ ခုတော့ ကျုပ်ဗျာ .. စာလေးနည်းနည်းပါးပါးရေးတယ်ဗျာ။
ကျုပ်က ခုတော့ စကားတစ်ခွန်း၊ ဆောင်းပါးတစ်ပုဒ်ဖြစ်နေတာတော့ ကျုပ်စိတ်ထဲမယ် အားနာပါတယ်။ သို့ပေငြားလည်း ကျုပ်ကတော့ သေခါနီး…. အဲ လူငယ်တွေထက်တော့ သေခါနီးတာ သိပ်သေချာပါတယ်၊ ကျုပ်တို့တိုင်းပြည်ကလည်း သူမတူအောင် လွတ်လပ်တဲ့ ဒီမိုကရေစီက ရနေပြန်၊ ကျုပ်လေ တကယ့်ဒီမိုကရေစီကို တွေ့တာကတော့ လွတ်လပ်စွာ ပြောဆိုခြင်းတစ်ခုကိုတော့ တွေ့သဗျ။
စကား၊ စကား ပြောပါများ၊ စကားထဲက ဇာတိပြ ဆိုတဲ့ စကားလေးကြားဖူးမှာပေါ့။ ရော်… လူတွေ အသံဆိတ်နေရာ၊ ခေါင်းငုံ့နေရာ၊ ဟုတ်ကဲ့ အဘ ဆိုတာကလွဲလို့ ဘာမှပြန်မပြောနိုင်အောင် အဘရှေ့မယ် ကြောက်ဒူးတုန်နေရာကနေ အသံပြုခွင့်၊ ခေါင်းဖော်ခွင့်၊ မဟုတ်ဘူးဗျ လို့ စာနယ်ဇင်းကို ပြန်ပြောခွင့်လေး ရလာတယ် ... (ကျုပ်ပြောတာ သေချာနားထောင်နော် .. မဟုတ်ဘူးလို့ ပြောဆို၊ တစ်ခါတစ်ခါ ကြိမ်းမောင်းသလို၊ ခံစားချက်တွေ ဝေမျှသလို ပြောတာ ငြင်းတာ စာနယ်ဇင်းကိုပါပဲ၊ အဘကိုတော့ သူတို့ဘယ်လို ဘယ်ပုံဆက်ဆံသလဲ ကျုပ်လည်း မသိ။)
ကျုပ်မလည်း သတင်းတွေနားထောင်ရာက ရပ်ချင်သပ။ အပုပ်ချနိုင်ငံရေး ဆိုတာလည်း ကျုပ်အဖို့တော့ အူလည်လည်ခင်ဗျ။ အောက်တန်းစား နိုင်ငံရေးသမား ဆိုတာလည်း ကျုပ်က နားမလည်။ ဒါပေမယ့် ကျုပ်က စစ်မှန်တဲ့ ပြည်သူတစ်ဦး။ ကျုပ်တို့လူတန်းစားဗျာ .. ဘယ်လိုမှ ပြည်ပအားကိုး ပုဆိန်ရိုး မဖြစ်ခဲ့တာ အမှန်ဗျ။ ဘယ်ပြည်ပက ဘယ်လိုလူတန်းစားက ကျုပ်တို့လို သူလို ကိုယ်လို ပြည်သူတွေကို ခေါင်းထဲထည့်မှာတုန်း။ ကျုပ်တို့ ဘယ်အဖွဲ့အစည်းထဲမှလည်း မပါ။ မပါချင်လို့ မဟုတ်ပါသကောဗျာ။ ကျုပ်တို့လို လူတန်းစားက အလုပ်လုပ်မှ ထမင်းစားရတာဗျ။ ကျုပ်တို့မှာ ခွင်မရှိဘူး။ ခွင်ပေးမယ့် လူတန်းစားနဲ့ ကျုပ်တို့က အလှမ်းဝေးသပ။ ဒါပေမယ့် ကျုပ်တို့က ဘ၀ပေး အတွေ့အကြုံနဲ့ဗျာ…… နည်းနည်းတော့ တွေးတတ်မြင်တတ်ပါသေးတယ်။
ကျုပ်တို့ ဒီမိုကရေစီခေတ်ဆိုတာ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ၊ ရေးသားခွင့် ဆိုတာ ခုမှ ရေးရေးမြင်ဖူးတာဗျ။ အေးဗျာ… အရင်တုန်းက ဒီမိုကရေစီနဲ့ မထိုက်တန်သေးတဲ့ ပြည်သူလို့ အထင်ခံခဲ့တုန်းက ကျုပ်လည်း ရင်နာခဲ့ပါတယ်။ မင်းတို့ကရော ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ အုပ်ချုပ်သူလားလို့ မေးချင်တာ။ သို့သော်လည်း ကျုပ်က ကြောက်သဗျ။ ဒီနေရာမှာတော့ ကျုပ်နဲ့ သမတကြီးနဲ့ နည်းနည်းတူတယ်ဗျ။ ကျုပ်တို့သမတကြီးလည်း လူရိုးဗျ။ စာနယ်ဇင်းကို တွေ့ရမှာ ကြောက်တယ် ဆိုရင်လည်း ခပ်တည်တည်ပဲ ကြောက်တယ် တဲ့။ ဟော ရင်ဆိုင်ရဲပြန်တော့လည်း နိုင်ငံခြားမှာ hard talk အတွေ့အကြုံရတော့ ခု ရင်ဆိုင်ရဲတော့လည်း ရင်ဆိုင်ရဲပြီဆိုပဲ။ ရော် .. ခင်ဗျားနှယ် သမတကြီးက ကျုပ်ကို ပြောပါ့မလားဗျ။ ကျုပ်လည်း ဂျာနယ်ထဲ ဖတ်ရတာ ပြောရတာလေ။
ကျုပ်လေ ခုတော့ လွတ်လပ်စွာ ပြောဆိုခွင့်တွေ ဘာတွေရတော့ လူတွေက အရမ်းတွေပြောလာတာဗျာ။ အဲဒါ တွေများဖတ်ရရင် ရင်ထဲမယ် ၀မ်းနည်းသလိုလို။ ဇာဂနာတို့ကိုပဲ အားနာရမလိုလို။ တော်ပါဟဲ့ တန်ပါဟဲ့ပဲ ပြော ရမလိုလို။ အနေတော် ခက်သပဗျ။
သမတလုပ်ချင်တယ်အရင်ပြောပြီး နောက်တော့ အခြေခံဥပဒေပြင်ဖို့စိုင်းပြင်းတော့ ကျုပ်တို့လူတန်းစားအတွေး က သူသမတလုပ်ချင်လို့ သူပြင်ချင်တာလို့ မတွေးဘဲ နေမလားဗျ။ စေတနာက စကားတစ်ခွန်းကြောင့် မှေးမှိန် သွားတာ။ ခင်ဗျား ဗျာ …. နိုင်ငံရေးသမားစကားက ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ငါ့ဖို့ ဆိုတာလေး ရှောင်ရသဗျ။ ဆရာ၊ ဆရာမတွေကြည့်ပါလားဗျ။ တကယ်တော့ ထမင်းစားဖို့ အလုပ်လုပ်တာတွေချည်းပဲ။ ဒါပေသိ ခင်ဗျား ဆရာ၊ ဆရာမက ကလေးတွေ စာတတ်အောင်ဆိုတဲ့ စကားရှေ့တန်းတင်တယ်၊ သူဌေး မဖြစ်ချင်လို့ ဆရာ၊ ဆရာမလုပ်တာ ဆိုတဲ့စကားမျိုးပြောကြတယ်။ ဒါလည်း မှန်သောစကားကို ဆိုခြင်းပါပဲ။ ထမင်းစားဖို့ စာသင်တာလို့ ဆိုရင်လည်း မှန်သောစကားပါပဲ။ ဆရာ အခေါ်ခံချင်လို့၊ ကန်တော့ခံပုဂ္ဂိုလ်ဖြစ်ချင်လို့ ဘယ်ပြောပါလိမ့်မလဲဗျာ။ ဒါကလည်း ကိုယ့်အသက်မွေးဝမ်းကျောင်းအပေါ် ကိုယ့်ဖာသာကိုယ် တန်ဖိုး ထားခြင်းပဲဗျ။
ခင်ဗျား စဉ်းစားကြည့်။ လယ်သမားဗျာ… ကျေးဇူးရှင် တောင်သူဦးကြီးများ ဖြစ်အောင် ကျုပ်တို့တွေ သူတို့ အသက်မွေးဝမ်းကျောင်းကို လေးစားသမှုပြုတယ်ဗျ။ ပြောလို့ရတာပေါ့ဗျာ။ ထမင်းစားဖို့ လယ် စိုက်တာလို့။ ကျုပ်တို့ လူုရိုင်းတွေ မဟုတ်ပေါင်ဗျာ။ ဒါပေမယ့် ကျုပ်တို့ကို အုပ်ချုပ်သူက နည်းနည်းတော့ တန်ဖိုးထားဖို့လိုတယ်ဗျ။ လွှတ်တော်မယ် ဥပဒေပြုအာဏာကို ကိုင်စိုးတဲ့သူတွေတဲ့ဗျ။ အာဏာဆိုတဲ့ စကားလုံးနေရာမယ် အစားထိုးစရာ ဗမာစကားရှိပါ့ဗျာ။ ဥပဒေ ပြုခွင့်လို့ ပြော…….။ ရပါသတဲ့ဗျာ။
ဟိုတစ်လောမယ် ..... ၀န်ကြီးဦးစိုးသိန်းနဲ့ အင်တာဗျူးထင်တယ်ဗျ။ သတင်းစာရှင်းလင်းပွဲတော့ ဟုတ်ဟန်မတူဘူး။ sky net က တွေ့တာနဲ့တူပါတယ်ဗျာ။ ဒီလူဗျာ ဦးအောင်မင်းတို့၊ ဦးခင်ရီတို့ကို ပြောတာများ အောင်မင်း ၊ ခင်ရီ လို့သုံးတာဗျ။ တစ်ကြိမ်မက သုံးတာဗျာ။ သူပြောသမျှ ရုပ်မြင်သံကြားကလွှင့်မယ်ဆိုတာလည်း သိသဗျ။ မေးခွန်းတစ်ခု ကျတော့ စက်ပိတ်ရင် ဖြေမယ်လို့ ဆိုသေး။ နောက်ပြောသေးသဗျ။ ၀န်ကြီးလစာ ခြောက်သိန်း...... ဘာလုပ်လို့ရမှာတုန်း တဲ့။
အေးဗျာ .... ကျုပ် စိတ်မကောင်းဘူး။ သူကပြောသေးသဗျ... သူများတွေကိုသွားကြည့် ကနုတ်ပန်းနဲ့ တဲ့။ ကနုတ်ပန်းထိုင်ခုံကိုပြောတာတူပါရဲ့။ ၀န်ကြီးတွေ အိမ်ထဲမယ် သူ့အိမ်က အသေးဆုံး တဲ့။ အင်္ဂလိပ်စကားလုံးလေယူ လေသိမ်းက ပီသပုံရတယ်။ ကျုပ် ဆရာဝန်မက စာတတ်တယ်လို့ ပြောတာ ကျုပ်ကြားလိုက်တယ်။ ကျုပ်တို့ တိုင်းပြည်မယ် တစ်နေ့လုပ်ခလစာ နှစ်ထောင်လောက်ရ အောင် ရှာတဲ့ လူဦးရေ ဘယ်လောက်ရှိသလဲဗျာ။ ကျုပ်အနားမယ် ဆယ်ယောက်ထက်မနည်းဗျ။
ကားထောင်စား တဲ့ လူဗျာ။ တစ်ရက် တစ်သောင်းခွဲ အမြင့်ဆုံးဗျ။ တစ်လ လေးသိန်းခွဲ ဆိုတာ အသားတင်မဟုတ်ဘူးနော်။ အမြတ်ခွန်ကျန်သေး၊ တာယာလဲစရာ ချန်ရသေး။ ကားပြင်ဖို့ ဖယ်ရသေးဗျ။ ၀န်ထမ်းလစာတွေထဲ သူတို့က ဒုတိယ အမြင့်ဆုံးခံစားရသူတွေဖြစ်မှာပါ။ သမတကြီးက အမြင့်ဆုံးဖြစ်မှာလို့ ကျုပ်ထင်သပ။ မူလတန်းပြဆရာမ ဘယ်လောက်ရသလဲဗျာ။ ခင်ဗျား…. စဉ်းစားပါ။ အရမ်းမပြောပါနဲ့။ ကျူရှင်ဆိုတာ မြို့ပြယဉ်ကျေးမှုပါ။ ကျေးလက်က ၇၀% ပြည်သူတွေရဲ့ ယဉ်ကျေးမှုမဟုတ်ပါဘူး။
အဝေးကြီးသွားမကြည့်နဲ့ဗျ။ အဝေးပြေးလမ်းမဘေးက တဲတွေ။ လူနေမှု အဆင့်အတန်းတွေ။ နောက် အလုပ်သွားကြတဲ့ ကလေးတွေ ရဲ့ ထမင်းဘူးတွေ ဖွင့်ကြည့်ပါဦးဗျာ။ ဆောက်လုပ်ရေး အလုပ်သမားတွေရဲ့ ထမင်းဘူးလေးများ လှစ်ကြည့်ပါဦးဗျာ။ လူဦးရေ နဲ့ သတင်းစာ စောင်ရေ ယှဉ်ကြည့်ပါဦးဗျာ။ လူဦးရေနဲ့ ဂျာနယ်စောင်ရေ အချိုးချကြည့်ပါဦးဗျ။
ကျုပ်တို့လို လူတန်းစားအတွက်က ခြောက်သိန်း ....... အများကြီးပါဗျာ။ စကားတွေ အရမ်း မပြောနဲ့ဗျ။ ကျုပ်လိုကောင်က စိတ်လေတယ်။
ဘာရာဒွါဂျာ (မြန်မာပြည်)
အေးချမ်းမွန် Credit To >ဧရာဝတီ
Post a Comment