21-10-2013
လာမည့် ဘဏ္ဍာရေးနှစ်အတွင်း နေစရာအိမ် အခက်အခဲ ဖြစ်နေသည့် အစိုးရ ၀န်ထမ်းများအတွက် ၀န်ထမ်းအိမ်ရာများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တည်ဆောက်သွားရန် စီစဉ်ထားကြောင်းနှင့် ရှိရင်းစွဲ ၀န်ထမ်းအိမ်ရာများကိုလည်း အဆင့်မြှင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။
"အစိုးရ ၀န်ထမ်းတွေထဲမှာ နေစရာအိမ် မရသေးတဲ့ ၀န်ထမ်းတွေအတွက် ၀န်ထမ်းအိမ်ရာတွေကို ထပ်မံတည်ဆောက်သွားဖို့ ရှိတယ်။ လာမယ့် ဘဏ္ဍာနှစ်ထဲမှာ စတင်တည်ဆောက် မှာပါ။ အစိုးရ ၀န်ထမ်းဆိုတဲ့ နေရာမှာ ဘယ်ဌာနက ၀န်ထမ်းတွေအတွက် ဆိုတာမျိုး ကန့်သတ်ထားတာမျိုး မရှိပါဘူး။ ၀န်ကြီးဌာန ၃၂ ခုစလုံးရဲ့ ၀န်ထမ်းတွေအတွက် အဆင်ပြေအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထို့ပြင် ရှိရင်းစွဲ ၀န်ထမ်းအိမ်ရာများကိုလည်း အဆင့်မြှင့် တည်ဆောက်သွားမည်ဖြစ်ရာ လက်ရှိကာလ၌ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တို့တွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"အခုဆိုရင် မန္တလေး၊ စစ်ကိုင်းမှာ စပြီးဆောက်နေကုန်ပြီ။ ရန်ကုန်မှာလည်း လင့်လမ်း၊ မန္တလေးဆိုရင် စိတြမဟီပေါ့။ စစ်ကိုင်းဆိုရင် မုံရွာပေါ့။ အဲဒီမှာ တည်ဆောက်မယ်။ ဌာနအနေနဲ့ကတော့ လိုအပ်တဲ့ နည်းပညာ အကူအညီတွေ ပေးသွားမှာ ဖြစ်ပါတယ်။ ၀န်ထမ်းတွေ နေရေးထိုင်ရေး အဆင်ပြေစေဖို့အတွက် နိုင်ငံတော်က စီစဉ်နေတယ်။ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တွင် ဆောက်လုပ်နေသည့် တန်ဖိုးသင့် အိမ်ရာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအမံဖြင့် ရောင်းချသွားမည် ဖြစ်သော်လည်း အစိုးရ ၀န်ထမ်းများ အပါအ၀င် ၀င်ငွေနည်း ပြည်သူများကို စိစစ်ရွေးချယ် ၀ယ်ယူခွင့် ပြုမည်ဟုလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြောကြားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း လူနေထိုင်ရန် အရန်မြေများ သတ်မှတ်ပြီး အိမ်ရာဘဏ္ဍာငွေ အစီအမံများ ချမှတ်၍ တန်ဖိုးသင့်နှင့် တန်ဖိုးနည်းအိမ်ရာများ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ပူးပေါင်းကာ စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အစိုးရ ၀န်ထမ်းများ အပါအ၀င် ၀င်ငွေအလယ်အလတ်နှင့် ၀င်ငွေနည်း ပြည်သူမိသားစုများ အိမ်ပိုင်ရာပိုင် ဖြစ်လာစေရန် ရည်ရွယ်ဆောက်လုပ်ခြင်း ဖြစ်ကြောင်းလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြောကြားသည်။
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment