နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနေဖြင့် ၂၀၁၅ သက်တမ်း ကာလတွင် သမ္မတ နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန် ၎င်းအား ပြောကြားချက်အပေါ် ကိုးကား၍ သတင်းထောက်များကို ပြောကြားသည်။
အောက်တိုဘာ ၂၄ ရက်က နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ ဇမ္ဗူသီရိ ခန်းမဆောင်တွင် ပြည်ထောင်စု လွှတ်တော်နာယကနှင့် သတင်းမီဒီယာများ တွေ့ဆုံစဉ် သူရဦးရွှေမန်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
''နိုင်ငံတော် သမ္မတကြီး အနေနဲ့ လာမယ့်ရွေးကောက်ပွဲ သက်တမ်းမှာ နိုင်ငံတော် သမ္မတနေရာကို ရွေးချယ်မခံတော့ဘူး ဆိုတဲ့ သတင်းသည် မိမိကို နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် ဒီလိုပဲ ပြောဆိုပါတယ်။ ဒါကြောင့် လူကြီးတစ်ယောက် ပြောတဲ့စကားဟာ အင်မတန်မှ တည်ကြည်ပါတယ်။ ဒါကြောင့် နောင် ၂၀၁၅ သက်တမ်းကာလမှာ လက်ရှိ သမ္မတကြီး ဦးသိန်းစိန်သည် ၀င်ရောက် အရွေးမခံဘူးဆိုတဲ့ မိမိကိုပြောတဲ့ စကားဟာ အမှန်ပဲ ဖြစ်ပါတယ်'' ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လက်ရှိဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၅ သက်တမ်းတွင် သမ္မတ ဖြစ်လိုသည်ဟု ပြောကြားထားပြီး ယင်းသို့ ပြောကြားခဲ့ခြင်းမှာ နိုင်ငံသားတို့၏ အကျိုးစီးပွားကို အထိရောက်ဆုံး လုပ်ပေးနိုင်သည့်နေရာ ဖြစ်သည့်အတွက် ယင်းနေရာကို ရယူလိုခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွားကို ဖော်ဆောင်လိုသည့် ဆန္ဒနှင့် စေတနာအရ ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် နိုင်ငံတော် သမ္မတနေရာ မဟုတ်ဘဲ အခြားမည်သည့် နေရာတွင် တာဝန်ပေး စေကာမူ ကျေပွန်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း တွေ့ဆုံပွဲတွင် ပြောကြားသည်။
''အထူးပြင်ဆင်စရာ မလိုပါဘူး။ မိမိရဲ့ စိတ်ထားစေတနာ အမှန်အတိုင်းပဲ နိုင်ငံတော် အကျိုးစီးပွား၊ ပြည်သူ့အကျိုးစီးပွားကို လုပ်ဆောင်နေခြင်းသည် အင်မတန်မှ မွန်မြတ်ပြီး ပြင်ဆင်မှုအတွက် လုံလောက်တယ်လို့ ယူဆပါတယ်'' ဟု သူရဦးရွှေမန်းက ပြောကြားသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးကလည်း လာမည့် သက်တမ်းအတွက် ပါတီမှ သမ္မတနေရာ အတွက် လျာထားရွေးချယ်ပြီး ဖြစ်ကြောင်း ပေါ်ပြူလာနယူးစ် ဂျာနယ်သို့ ဖြေကြားထားသည်။
အလားတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း လာမည့် သက်တမ်းတွင် သမ္မတ ဖြစ်လိုသည်ဟု ပြောကြားထားသည်။
အေးချမ်းမွန် Credit To > Eleven Media Group
Post a Comment