0


ရန်ကုန်၊ အောက်တိုဘာ ၂၀

လူသုံးကုန်နှင့် အလှကုန် ပစ္စည်းများ အဓိကဖြန့်ဖြူးရာ ရန်ကုန်မြို့တော် သိမ်ကြီးဈေး D ရုံ လေးလွှာရှိ အသုံးမပြုသော စတိုခန်း တစ်ခုတွင် အောက်တိုဘာလ ၂၀ ရက် ည ၈ နာရီ ၂၅ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း လသာမြို့နယ် အမှတ် (၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်အောင်မိုးက The Voice သို့ ပြောကြားသည်။

အဆိုပါ မီးလောင်ခဲ့သော စတိုခန်းအလွတ်နှင့် ကပ်လျက်တွင် ယာဉ်ရပ်နားနေရာ ရှိခြင်းကြောင့် မီးကူးစက် လောင်ကျွမ်းခြင်း မရှိအောင် သတိထား ဆောင်ရွက်ခဲ့ပြီး ယင်းစတိုခန်းကို မီးငြှိမ်းသတ်စဉ် အခန်းအတွင်းမှ ကတ်ထူစက္ကူ၊ ပလတ်စတစ် တိပ်ခွေတို့ကိုသာ တွေ့ရှိခဲ့ကာ တန်ဖိုးကြီးပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း ကျောက်တံတားမြို့နယ်မှ မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မီးလောင်ကျွမ်းမှုသည် ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြား ရွှေတိဂုံဘုရားလမ်းရှိ သိမ်ကြီးဈေး D ရုံ လေးလွှာ နောက်ကျောဘက် စတိုခန်းတွင် ဖြစ်ပွားခဲ့ပြီး ည ၉ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကို The Voice က ည ၁၀ နာရီတွင် ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနသို့ မေးမြန်းခဲ့ရာ စုံစမ်းစစ်ဆေးဆဲသာ ဖြစ်ပြီး အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေးကြောင်း တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။
“D ရုံ လေးလွှာမှာ မီးလောင်တယ်လို့ ကြားတော့ အရမ်းစိတ်ပူနေတာ။ အမတို့ကားက အဲဒီလေးလွှာက ကားပါကင်မှာထားတာ။ မီးလောင်တော့ ဘယ်သူမှ အပေါ်တက်ဖို့ ခွင့်မပြုတော့ ဒီတိုင်းကြည့်နေရတာ။ အခု မီးငြိမ်းသွားတယ်ဆိုမှ စိတ်အေးသွားရတာ” ဟု ၂၄ လမ်းတွင် နေထိုင်သူ မဖြူဖြူက ဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး အနည်းငယ်သာ ရှိခဲ့ပြီး မီးခိုး ထွက်ပေါက်မှာ တစ်ခုတည်း ရှိသောကြောင့် အခန်းအတွင်း မီးဝင်ငြိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင် ခြောက်ဦးမှာ အသက်ရှုရန် အောက်ဆီဂျင် အလုံအလောက် မရရှိသဖြင့် အမောဖောက်ပြီး ချွေးစေးများ ပြန်လာသဖြင့် ရန်ကုန်ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ ကနဦး သတင်းအရ သိရှိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်က ပန်းဆိုးတန်းလမ်း အလယ်ဘလောက်တွင် ဖွင့်လှစ်ထားသော Grandamar Electronic အရောင်းဆိုင် ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ပြီး လျှပ်စစ်ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

၂၀၁၀ ပြည့်နှစ် မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၂၀ က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မင်္ဂလာဈေးတွင် ဝါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ၁၄ နာရီခန့် ကြာသည်မှ ငြှိမ်းသတ်နိုင်ခဲ့ပြီး ယင်း မီးလောင်ကျွမ်းမှုကြောင့် မီးသတ်သမား နှစ်ဦး အပါအဝင် လူ ၃၆ ဦး ဒဏ်ရာရရှိခဲ့ကာ ကျပ်သန်း ၉၀၀ ဖိုးခန့်ခန့် မီးလောင်ဆုံးရှုံးခဲ့သည်။

မူလက စူရတီဘဇားဟု လူသိများပြီး သိမ်ကြီးအနီး၌ ဆောက်လုပ်ထားခြင်းကြောင့် သိမ်ကြီးဈေးဟု အမည်တွင်ခဲ့သည့် အဆိုပါဈေးတွင် အေရုံ၊ ဘီရုံ၊ စီရုံနှင့် ဒီရုံ စသည့် ဈေးရုံ လေးရုံရှိပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးဈေးကြီး ဖြစ်သည်။

အေးချမ်းမွန် Credit To > The Voice Weeklyhttps://www.facebook.com/excellencemedia

Post a Comment

 
Top