ကိုယ့်ပြည်ကိုယ်ရွာ..ကိုယ့်မြန်မာကို..
၁၇-၁၀-၂၀၁၃
၉း၃၄ နာရီ။
၂၀၀၆-၂၀၀၈ ခုနှစ်တွေအတွင်း ကျွန်တော် နွားထိုးကြီး-ငါန်းဇွန်မြို့တွေကို လူကြီးခရီးစဉ်တွေမှာ တော်တော်လိုက်ရတယ်။ အဲဒီမှာ ငယ်ငယ်က ရောက်ဖူး တဲ့ မြို့သာမြို့ကို ရောက်သွားတယ်။ မြို့သာမှာကျောင်းနေဖက် ငယ်သူငယ်ချင်း ကိုကျော်ဌေး ရှိတယ်။ အဲဒီမှာ ကိုကျော်ဌေး ပြောပြတဲ့ မြို့သာမြို့ရဲ့ success story တစ်ခုကို ကြားသိရပါတယ်။
တကယ်တော့ မြို့သာဟာ ကုန်းတွင်းကျတဲ့မြို့ပါ။ ကျွန်တော့်ရွာနဲ့နီးတဲ့ ငါန်းဇွန်ကမှ ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိပါသေးတယ်။ ဒီတော့ မြို့သာမှာ ငါးပုဇွန် အလွန်ရှား ပါတယ်။ အလှူအတန်းလုပ်ရင် ငါန်းဇွန်ကိုသွားသွားဝယ်ရပါတယ်။ သားဈေးငါးဈေး ကလည်း အလွန်ခေါင်ခိုက်နေတာပေါ့ဗျာ။
ဒါပေမယ့် မြို့သာက စည်းလုံးတယ်။ ညီညွတ်တယ်။ ဦးဆောင်ကောင်းတွေရှိတယ်။
ဒီတော့ မြို့သူမြို့သားတွေ ငါးပေါပေါ သက်သက်သာသာ စားရအောင် တစ်နေ့တော့ ရပ်မိရပ်ဖတွေ တိုင်ပင်ကြတယ်။ ဒါကတော့ မြို့ရဲ့ကုန်းမြင့်တစ်နေရာမှာ ငါးကန်တစ်ခုဖေါ်ကြဖို့ပေါ့။ (ကန်အသစ်လား၊ ကန်အဟောင်းလားတော့ ကျွန်တော် မမှတ်မိတော့ပါ)
တိုတိုဘဲပြောရရင် တစ်နှစ်ကျော်ကျော်လောက်အတွင်းမှာဘဲ ငါးကန်ဟာအောင်မြင် ခဲ့တယ်။ ငါးတွေပေါ်တိုင်း ငါးတွေလှိုင်လှိုင်စားရတဲ့အပြင် ငါးဈေးတွေကလည်း ကျဆင်းသွားခဲ့တယ်။ ဆိုကြပါစို့ ကိုကျော်ဌေးပြောတာ ကျွန်တော်မှတ်မိတာ မမှားရင် တစ်ပိဿာ ၁၅၀၀ိ/-ဈေးလောက် အထိ ဖြစ်သွား တယ်လို့ ဆိုပါတယ်။
အဲဒီမှာ ဒီလောက်နဲ့ မပြီးသေးဘူဗျ။ အဲဒီကုန်းမြင့်မြင့်မှာတည်လိုက်တဲ့ ငါးကန်ကြောင့် မြို့သာမြို့ထဲက ရေတွင်းတွေဟာ ရေတွေ အလျှံပယ် ပြန်ထွက် လာကြသတဲ့။ အရင်က ရေရှားလှတဲ့ ကုန်းခေါင်ခေါင်မြိုကလေးမှာ အခုတော့ ရေတွင်းတွေက ရေတွေအလွယ်တကူ ပေါပေါများများ ထွက်လာကြတော့ သာရေး၊ နာရေး၊ ကျန်းမာရေး၊ လူမှုရေး အားလုံး အဆင်ပြေ တိုးတက်သွားကြသတဲ့။
ဒီမှာ.. သကာပေါ်အချိုထပ်လောင်းလိုက်သလို ထပ်ဆင့်မင်္ဂလာဖြည့်လိုက်တာ ကတော့ မြို့သာမှာ အလှည်ကျစံနစ်နဲ့ နောက်ချေးကလျပ်စစ်ထုတ်တဲ့စံနစ်ကို အားလုံးဝိုင်းဝန်းပြီးဖေါ်ဆောင်လိုက်တော့ အားလုံး လျပ်စစ်မီးတွေလည်း ရသွားကြပြန်ရောတဲ့။
ကဲကြည့်။ ငါးကန်တစ်ကန် ၀ိုင်းတူးလိုက်ကြတယ်။ ငါးတွေပေါ သွားတယ်။ ရေတွေပေါလာတယ်။ လျပ်စစ်ကလည်းအဆင်ပြေလာတယ်။ ဒိတော့ မြို့သာတမြို့လုံး ...မင်္ဂလာတွေနဲ့ပြည့်သွားရတော့တာပေါ့ဗျာ။
အဲဒီဇာတ်လမ်းလေးကျွန်တော်ကြားရတော့ ရေရှားနေသေးတဲ့... မီးမရသေးတဲ့.. ကျွန်တော့်ရွာကို သတိရလာမိပါတယ်။
မောင်ထွန်းလွင် (မိုးလေ၀သ)
အေးချမ်းမွန် Credit To >Popular Journal
Post a Comment