AFP
မကောင်းသတင်းများထွက်ပေါ်နေသည့် အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ (#Berlusconi) အား လွှတ်တော်နှင့် ရွေးကောက်ပွဲများတွင် ပါဝင်ခွင့် နှစ်,နှစ် ပိတ်ပင်ရန် မီလန်မြို့ရှိ တရားရုံးတစ်ခုက စနေနေ့က အမိန့်ချမှတ်လိုက်ကြောင်း အောက်တိုဘာ ၂၀ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။
ယခုဆုံးဖြတ်ချက်မှာ ဘီလျံနာသူဌေးကြီး ဘာလူစကိုနီ၏ အခွန်ကိစ္စဆိုင်ရာ မသမာမှုအတွက် ချမှတ်ခြင်းဖြစ်ပြီး ထိုအခွန်ကိစ္စနှင့်ပတ်သက်၍ လူမှုရေးလုပ်ငန်းများ တစ်နှစ်တိတိ လုပ်ဆောင်ပေးရန် သို့မဟုတ် နေအိမ်အကျယ်ချုပ် တစ်နှစ်ကျခံရန်လည်း ဘာလူစကိုနီ ရင်ဆိုင်နေရသည်။
စနေနေ့ကကြားနာမှုသို့ အသက် ၇၇ နှစ်အရွယ် ဘာလူစကိုနီ တက်ရောက်ခြင်း မရှိခဲ့ပေ။ ယခု ဆုံးဖြတ်ချက်ကိုဘာလူစကိုနီ၏ ရှေ့နေက အယူခံဝင်ခွင့်ရှိသော်လည်း၊ အယူခံဝင်မည် မ၀င်မည်ကို ရှင်းလင်းစွာ မသိရသေးပေ။
“ဒါဟာ အီတလီ ၁၀ သန်းရဲ့ ခေါင်းဆောင်ကို နိုင်ငံရေးကနေ ဖယ်ရှားဖို့ ရည်ရွယ်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေထဲက နောက်ဆုံးတစ်ခုဖြစ်ပြီးတော့ ကျရှုံးဖို့ ဦးတည်နေပါတယ်” ဟု ဘာလူစကိုနီ၏ ပြည်သူ့လွတ်မြောက်ရေးပါတီမှ အထက်လွှတ်တော်အမတ်ခေါင်းဆောင် Renato Schifani ကဆိုခဲ့သည်။
ဘာလူစကိုနီအား ပိတ်ပင်တားမြစ်လိုက်သည့် ယခုတရားရုံးဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ထိုဆုံးဖြတ်ချက်အား အထက်လွှတ်တော်ကအတည်ပြုပေးရန် လိုအပ်သည်။ ဘာလူစကိုနီမှာ အထက်လွှတ်တော်တွင် တစ်နေရာရထားကာ၊ သူ့အား စွပ်စွဲထားကြသည့် ကိစ္စအားလုံးနှင့် ပတ်သက်၍လည်းသူ့အနေဖြင့် အပြစ်မရှိကြောင်း အကြိမ်ကြိမ်ပြောဆိုထားကာ စွပ်စွဲချက်များကို ငြင်းဆန်ခဲ့သည်။
အကယ်၍ ဘာလူစကိုနီအား ပြည်နှင်ဒဏ်ပေးပါက သူ့အား အရှက်ခွဲလိုက်သကဲ့ သို့ရှိမည် ဖြစ်သည်။ မီဒီယာနှင့်ဆောက်လုပ်ရေး ထိပ်သီးလုပ်ငန်းရှင် ဘာလူစကိုနီသည် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက် လာစဉ် ၁၉၉၄ ခုနှစ်ကတည်းကစ၍ လွှတ်တော်တွင် အမြဲနေရာရခဲ့ကာ လွှတ်တော်တွင်လည်း ခေါင်းဆောင်ဖြစ်ခဲ့သည်။
ရာဇ၀တ်မှုနှင့် ပတ်သက်ကာ နှစ်,နှစ်ကျော် ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ လွှတ်တော်အမတ်များအား ခွင့်မပြုမည့် ဥပဒေသစ်ကို ပြီးခဲ့သည့်နှစ်က အတည်ပြုခဲ့သောကြောင့် ဘာလူစကိုနီအား လွှတ်တော်မှ ဖယ်ရှားရေးအတွက်လည်း ပြောဆိုဆွေးနွေးမှုများ ရှိနေသည်။
ထိုဥပဒေအရ ဘာလူစကိုနီအား လွှတ်တော်မှ ခြောက်နှစ်ကြာ ဖယ်ရှားထားနိုင်မည်ဖြစ်သော်လည်း ထို ကိစ္စနှင့်ပတ်သက်၍လည်း အထက်လွှတ်တော်မှ မဲခွဲအတည်ပြုပေးရန် လိုအပ်ပေသည်။ ထိုဥပဒေအား ဘာလူစကိုနီ၏ ပါတီမှလွှတ်တော်အမတ်များကပင် ထောက်ခံထားကြသော်လည်း ဥပဒေနှင့်ပတ်သက် ၍ဘာလူစကိုနီ၏ ရှေ့နေများက လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးသို့ အယူခံ တင်သွင်းထားသည်။
အေးချမ်းမွန် Credit To > Mizzima - News in Burmese
Post a Comment