0

ရန်ကုန်၊ အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးဘုရားလမ်း အမှတ် ၆၈ ရှိ သူရိယအလင်း ဂျာနယ်တိုက်ကို ယမန်နေ့ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် လူ ၁၅ ဦးခန့် ရောက်ရှိလာပြီး ရုံးခန်းတွင်းရှိ ကွန်ပျူတာ System ပုံး ၁၄ လုံးနှင့် CCTV တစ်လုံးကို ဖြုတ်ယူသွားကြောင်း ယင်းဂျာနယ်တိုက် အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းက သတင်းစာ ရှင်းလင်းပွဲတွင် စွပ်စွဲ ပြောကြားသည်။

အဆိုပါ ၁၅ ဦးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား သူရိန်ဝင်းမြင့်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ မြေး ဖိုးလပြည့်နှင့် မျက်နှာသိများ ပါဝင်သည်ဟုသာ စွပ်စွဲ ခဲ့သော်လည်း ရဲစခန်းသို့ အချိန်မီ အကြောင်းကြားမှု မရှိခြင်း၊ သက်သေအထောက်အထား ခိုင်မာစွာ ပြသနိုင်မှု ရှိ၊ မရှိနှင့် မျက်မြင် တွေ့ကြုံခဲ့ရသည် ဝန်ထမ်းများကို မေးမြန်းခွင့်ပြု၊ မပြုကို မီဒီယာများက မေးမြန်းရာ မရေမရာသာ ဖြေကြားခဲ့သည်။

"ခင်ဗျားတို့ ကျွန်တော့်ကို ပုလိပ်စစ်သလို သိပ်မစစ်ကြနဲ့ဗျာ။ တရားခွင်ထဲက တရားခံလို့ မမေးနဲ့" ဟု ဦးမိုးဟိန်းက ဆိုသည်။

သူရိယအလင်း ဂျာနယ်ကို ထုတ်ဝေသည်မှာ နှစ်လခွဲခန့်ရှိပြီ ဖြစ်ပြီး ၁၂ စောင်မြောက် ဂျာနယ်တွင် ဖော်ပြထားသော “မော်စကိုမှာ သာမယ့်လ”၊ “မြင်းခွာတစ်ချက်ပေါက်ရင် မီးတစ်ဟုန်းဟုန်း တောက်စေရမယ်” ဆောင်းပါး စသည်တို့ကြောင့် ယခုကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်သည်ဟု ဦးမိုးဟိန်းကပင် ဆိုသည်။

ကွန်ပျူတာများ အသိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားခြင်းရှိ၊ မရှိကို သတင်းမီဒီယာ များက မေးမြန်းရာ အကျိုးဆောင်ရှေ့နေနှင့် တိုင်ပင်ပြီးမှ ဆောင်ရွက်သွားမည် ဟုသာ ဖြေကြားခဲ့ပြီး မကြာခင် သူရိယအလင်းကို ရပ်ဆိုင်းကာ သူရိယနေဝန်း အမည်သစ်ဖြင့် ထုတ်ဝေသွားမည်ဟု ပြောဆိုခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သူရိယအလင်း ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ကို The Voice က ဆက်သွယ်မေးမြန်းရာ အောက်တိုဘာ ၁၈ ရက်နေ့က သူရိယ အလင်းဂျာနယ်ကို ထုတ်ဝေမှု ရပ်ဆိုင်းထားရန် ရှယ်ယာရှင်များက သဘောတူညီခဲ့ကြောင်း ထုတ်ဝေသူ ဦးယုနိုင်၏ ပြောရေးဆိုခွင့် ရှိသူ ဦးကျော်နိုင်က ဖြေကြားသည်။

"ထုတ်ဝေသူ နဲ့ ရှယ်ယာရှင်တွေက ဆက်ထုတ်ဖို့ ဆန္ဒမရှိလို့ သူရိယအလင်းကို ဖျက်သိမ်းလိုက်ပြီး သူ့ပစ္စည်းသူ လာသိမ်းတာပါ။ ဘယ်သူတွေ လာသွားတယ် ဆိုတာတော့ မသိပါဘူး။ ကိုမိုးဟိန်းနဲ့ ရှယ်ယာရှင်တွေ သဘောထား ကွဲနေကြတယ်" ဟု ဦးကျော်နိုင်က ထပ်မံပြောကြားသည်။

"ဂျာနယ်သိမ်းတာတော့ မဟုတ်ပါဘူး။ သူ့ဘာသာ ပိုက်ဆံရှိလို့ ဘယ်နှစ်စောင် ဝယ်ဝယ် ဝယ်လို့ရတာပဲ။ မတရား လုပ်တာမှ မဟုတ်တာ" ဟု ယင်းဂျာနယ် တိုက်တွင် အလုပ်လုပ်နေသူ ဝန်ထမ်းတစ်ဦး ကဆိုသည်။

သူရိယအလင်းတန်း ဂျာနယ် အတွဲ (၁) အမှတ် (၇) မှ အတွဲ (၁) အမှတ် (၁၂)အထိ ထောင်သူရဲဘအုပ်၊ သတိုးစည်သူ၊ စစ်သူရဲဗလမင်းထင် နာမည်များဖြင့် ဖော်ပြခဲ့သော မျက်နှာဖုံးဆောင်းပါး များကို အယ်ဒီတာအဖွဲ့၏ သဘောတူညီချက် မယူဘဲ ဦးမိုးဟိန်းကပင် တစ်ဦးတည်း သဘောဖြင့် ဆောင်ရွက်ခဲ့ကြောင်း အယ်ဒီတာအဖွဲ့ ထံမှ သိရသည်။

"သဘောမကျ ပေမယ့်လည်း ကိုယ့်ရဲ့ CEO လည်းဖြစ်၊ ရှယ်ယာရှင်လည်း ဖြစ်တော့ အယ်ဒီတာအဖွဲ့က ဘာမှ မပြောကြဘူး" ဟု သူရိယအလင်း ဂျာနယ်တိုက်တွင် လုပ်ကိုင်နေသော အယ်ဒီတာတစ်ဦးက ဆိုသည်။

အောက်တိုဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေမည့် အတွဲ (၁) အမှတ် (၁၂) တွင် စစ်သူရဲဗလမင်းထင်၏ “မော်စကိုမှာသာမယ့်လ” ဆောင်းပါးနှင့် ထောင်သူရဲဘအုပ်၏ “မြင်းခွာတစ်ချက်ပေါက်ရင် မီးတစ်ဟုန်းဟုန်း တောက်စေရမယ်” ဆောင်းပါးနှစ်ခုစလုံး၏ အဆုံးသတ် အပိုဒ်များတွင်
"ကျုပ်နဲ့ ကျုပ်မိတ်ဆွေတွေ၊ ကျုပ်စာကို ဖော်ပြပေးနေတဲ့ သူရိယအလင်းဂျာနယ်ကို ထိပါးစော်ကား၊ လုပ်ကြံလာမယ် ဆိုရင် ကျုပ်ကလည်း ခင်ဗျားတို့ ဆွေစဉ်မျိုးဆက် ခုနစ်ဆက်လုံး အဆုံးတိုင် လက်တုံ့ပြန်သွားမယ် ဆိုတာရယ်၊ ခင်ဗျားတို့အားလုံး နောင်တကြီးစွာ ရသွားစေမယ် ဆိုတာတော့ ပြတ်ပြတ်သားသား ပြောထားလိုက်တယ်" ဟု ရေးသားထားသည်ကို တွေ့ရှိရပြီး သူရိယအလင်း ဂျာနယ်တိုက်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင်လည်း ဦးမိုးဟိန်း က ယင်းသဘော သက်ရောက်စေသည့် စကားလုံးများကို ပြောကြားခဲ့ကြောင်း အခမ်းအနား တက်ရောက်ခဲ့သူများ ထံမှ သိရသည်။

ရဲအရေးပိုင်သော ကိစ္စကို အမှုဖွင့် တိုင်တန်းထားခြင်းမရှိဘဲ ရှေ့နေနှင့် တိုင်ပင်နေဆဲဟု ဦးမိုးဟိန်းက ပြောဆိုခဲ့ပြီး ထုတ်ဝေခွင့် လိုင်စင်နှင့် ပတ်သက်ပြီး ရေရေရာရာ ပြောဆိုခြင်း မရှိခဲ့ပေ။ ထို့အပြင် မကြာခင် သူရိယအလင်းကို ရပ်ဆိုင်းပြီး သူရိယနေဝန်း အမည်သစ်ဖြင့် ထုတ်ဝေသွားမည်ဟု သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ပြောဆိုခဲ့သည်။

သူရိယအလင်း ဂျာနယ်မှာ ၁၂ စောင်တိတိ ထုတ်ဝေထားပြီး လာမည့် အောက်တိုဘာ ၂၂ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေမည့် နောက်ဆုံးထုတ်၌ အလှမယ် မိုးစက်ဝိုင်နှင့် ဖိုးလပြည့်၊ စီးပွားရေး လုပ်ငန်းရှင်များကို စွပ်စွဲထားသည့် “မော်စကိုမှာသာမယ့်လ”၊ “မြင်းခွာတစ်ချက်ပေါက်ရင် မီးတစ်ဟုန်းဟုန်း တောက်စေရမယ်” စသည့် ဆောင်းပါးများကို ဖော်ပြထားသည်။

ဦးမိုးဟိန်းမှာ ၁၉၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ဖူးသူ ဖြစ်ပြီး လူ့ဘောင်သစ်ပါတီတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ကာ ထိုင်းနိုင်ငံ မှတစ်ဆင့် အမေရိကသို့ ပြောင်းရွှေ့ အခြေချခဲ့သူ ဖြစ်သည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top