ရန်ကုန်တိုင်း ဒေသကြီးအတွင်း နှစ်ထပ်တည်ဆောက် လျက်ရှိသော ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းမှ ဘုရင့်နောင် လမ်းမကြီးပေါ်တွင် တည်ဆောက်ထားသော ခုံးကျော်တံတားကို အောက်တိုဘာ ၃၁ ရက် နံနက် ၉ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး စတင်အသုံးပြုခွင့် ပေးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ဘုရင့်နောင် ခုံးကျော်တံတားသည် နှစ်ထပ်တံတား စီမံကိန်းဖြစ်ပြီး ယခုအသုံးပြုခွင့် ပေးသော တံတားမှာ ဒုတိယအလွှာ တံတားဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတား စီမံကိန်းသည် မရမ်းကုန်းမြို့ နယ် (၁) ရပ်ကွက်တွင် တည်ရှိသည်။
ယခုအသုံးပြုခွင့် ပေးခဲ့သော ဒုတိယအလွှာ တံတားသည် ၁၄၂၇ ပေ ၃ လက်မ ရှည်လျားပြီး ၅၇ ပေ ကျယ်ဝန်းကာ ခံနိုင်ဝန် ၇၅ တန်ရှိကြောင်း သိရသည်။
သမိုင်းဘူတာရုံ လမ်းပေါ်တွင် တည်ဆောက်နေသော ပထမအလွှာ ခုံးကျော်တံတားကို ဒီဇင်ဘာလအတွင်း ဖွင့်လှစ်သွားနိုင်မည် ဖြစ်ကြောင်း ဘုရင့်နောင် ခုံးကျော်တံတားတွင် တာဝန်ကျ ၀န်ထမ်းတစ်ဦးက ဆိုသည်။
ဘုရင့်နောင် ခုံးကျော်တံတား စံမံကိန်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာလကုန်တွင် စတင်ခဲ့ပြီး FMI Co.,Ltd မှ တာဝန်ယူ တည်ဆောက်ခဲ့ကြောင်း သိရသည်။ လှည်းတန်းခုံးကျော် တံတားကို ၂၀၁၃ ခုနှစ် ဧပြီ ၁၀ ရက်က စတင်အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။
ဘုရင့်နောင် လမ်းမပေါ်တွင် တည်ဆောက်ထားသော ဘုရင့်နောင် ခုံးကျော်တံတား ဒုတိယအလွှာတွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များကို အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment