ရန်ကုန်၊ အောက်တိုဘာ၂၃
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ခေတ်မီ စက်မှုလယ်ယာ စိုက်ပျိုးရေးဇုန် အတွင်းရှိ ကုမ္ပဏီများက ပေးသော လယ်လျော်ကြေး ငွေများကို တောင်သူများ လက်မခံနိုင်ဟု အသိမ်းခံ လယ်သမားများက အောက်တိုဘာ ၂၃ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
အခု ကုမ္ပဏီတွေက သူတို့သိမ်းထားတဲ့ လယ်မြေတွေကို တစ်ဧက၂၅သိန်း လျော်ပေးမယ်ဆိုပြီး စာတွေ ထုတ်ထားတယ်။ ကျွန်တော်တို့ တောင်သူတွေက အဲဒီငွေကို လက်မခံနိုင်ပါဘူး။ သူတို့ငွေကို လက်ခံရင် နောက်လာမယ့် မျိုးဆက်တွေ အလုပ်အကိုင်မရှိ ဖြစ်ပြီး လမ်းဘေး ရောက်သွားနိုင်တယ်။ သူတို့ မတရား လယ်သိမ်းလို့ အလုပ်လက်မဲ့ဖြစ်ပြီး ဘ၀ပျက်သွားတဲ့ တောင်သူတွေ မနည်းဘူး။ ကုမ္ပဏီတွေက ချစ်တီးထက် ဆိုးတယ်။ လယ်သိမ်းတဲ့ နေရာမှာ။ လယ်သိမ်းတဲ့ ကုမ္ပဏီ ပိုင်ရှင်တွေက အခု နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ ၀န်ကြီးတွေပါတယ် ဟု ကဒီစုကျေးရွာနေ လယ်မြေ အသိမ်းခံ တောင်သူ ဦးဝင်းနိုင်က ပြောသည်။ …
လယ်သိမ်းတဲ့ ပုံစံက ၂၀၀၈ ခုနှစ် လောက်မှာ လက်မှုလယ်ယာကနေ စက်မှုလယ်ယာ ပြောင်းမယ်ဆိုပြီး ကုမ္ပဏီက တောင်သူတွေကို စည်းရုံးပြီး စာရွက်ပေါ်မှာ လက်မှတ် ထိုးခိုင်းတယ်။ နောက်ပြီး စိုက်ပျိုးရေး အသုံးပြု ပစ္စည်းတွေကို အပြင်ပေါက်ဈေးထက် များစွာ ရောင်းမယ်။ ၂၀၁၀ ခုနှစ်ရောက်တော့ ကုမ္ပဏီတွေက နိုင်ငံတော်က ယခု လယ်မြေတွေကို နှစ် ၃၀ စီမံကိန်း ပေးလိုက်ပြီ ဆိုပြီး တောင်သူတွေကို လယ်မြေတွေ ပေါ်ကနေ မောင်းချခဲ့တယ်။ ကျွန်တော်တို့ လိုချင်တာ လယ်မြေပါ။ အခု တစ်ဧက ၂၅ သိန်း လျော်ပေးမယ်ဆို ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ရုံးတွေမှာ ကပ်ထားတယ်ဟု အသိမ်းခံ လယ်သမားကြီး ဦးမြင့်ဇော်က ပြောသည်။
ယခုအချိန်တွင် လယ်လျော်ကြေးငွေများကို မက်စ်မြန်မာ ကုမ္ပဏီမှ တစ်ဧက ကျပ်သိန်း ၂၀ ပေးလျော်တာ ဖြစ်ပြီး အခြားကုမ္ပဏီများမှာ ပေးလျော်ထားခြင်း မရှိသေးကြောင်း အသိမ်းခံ တောင်သူများက မီဒီယာများကို ပြောကြားခဲ့သည်။
ခေတ်မီ စက်မှုလယ်ယာ စံပြ စိုက်ပျိုးရေး အထူးဇုန် ကုမ္ပဏီများမှ တောင်သူများကို တစ်ဧကလျှင် ၂၅ သိန်းကျပ် လျော်ကြေးပေးရန် အောက်တိုဘာ ၉ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ (မြေအဆောက်အအုံ စက်ရုံအလုပ်ရုံများ တန်ဖိုး စိစစ် သတ်မှတ်ရေးအဖွဲ့)သို့ ညွှန်ကြားထားပြီး ဖြစ်သည်။ သို့သော် အစိုးရအဖွဲ့က စာထုတ် ညွှန်ကြား ထားသော်လည်း ကုမ္ပဏီများက တောင်သူများထံ လျော်ကြေးငွေ ပေးခြင်း ညှိနှိုင်းထားမှု မရှိသလို ကုမ္ပဏီများက ညှိနှိုင်းလျှင်လည်း တောင်သူများက လက်မခံနိုင်ကြောင်း တောင်သူများက ထပ်မံ ပြောကြားခဲ့သည်။
ဒဂုံဆိပ်ကမ်း မြို့နယ် ကွင်းအမှတ် ၁၁၇၉ မက်စ်မြန်မာ ကုမ္ပဏီမှ ၄၇၉ ဧက၊ ၎င်းအမှတ် ၁၁၇၈ ဒေါ်ဝေေ၀မွန်က ၅၀၃ဧက၊ ကွင်းအမှတ် ၁၁၈၁ ဧဒင်အုပ်စု ကုမ္ပဏီက ၄၉၉ ဧက၊ ကွင်းအမှတ် ၄၉၅ ဂရင်အေးရှား ကုမ္ပဏီက ၄၉၅ ဧက၊ ကွင်းအမှတ် ၁၁၈၃ အမျိုးသားကြီးများ တိုးတက်ရေး ကုမ္ပဏီက ၅၁၀ ဧက၊ ကွင်းအမှတ် ၁၁၈၅ ပင်လယ်ကိုးသွယ် ကုမ္ပဏီက ၅၅၈ ဧက၊ ကွင်းအမှတ် ၁၁၈၆ မြရွှေဝါ သမ၀ါယမ အသင်း လီမိတက်က ၃၀၀ ဧက ကွင်းအမှတ်(၁၁၆၇) ပင်လယ်ကိုးသွယ် ကုမ္ပဏီက ၅၉၃ ဧက၊ ကွင်းအမှတ် ၁၁၈၄ ဂွတ်ဘရားသား ကုမ္ပဏီ လီမိတက်က ၃၉၆ ဧက၊ ကွင်းအမှတ် ၁၁၈၈၊ ရွှေနဂါးမင်း ကုမ္ပဏီက ၂၃၉ ဧက၊ ကွင်းအမှတ် ၁၁၈၂ ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်က ၅၂၇ ဧက စသည်တို့ကို ၂၀၀၈ ခုနှစ်မှ စတင်၍ လယ်မြေများကို အကြောင်း အမျိုးမျိုးပြ၍ တောင်သူများထံမှ လယ်ယာမြေများကို ကုမ္ပဏီများက သိမ်းယူခဲ့သည်။
ကျော်စိုးဦး
အေးချမ်းမွန် Credit To >Myanmartandawsint Newspaper

Post a Comment