0


    Created on Sunday, 20 October 2013 21:10

၂၀၁၅ ခုနှစ်မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရမည်ဟု ပြောကြားခဲ့ပြီးနောက် အောက်တိုဘာ ၂၁ ရက် (ယနေ့) တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပသမဂ္ဂ နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများ ပါဝင်မည့် ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဥရောပ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၉ ရက်က ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ဘရပ်ဆဲလ်မြို့၌ ဥရောပ ကော်မရှင်ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုများ မရှိလျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် ဒီမိုကရက်တစ်နည်းကျ ရွေးကောက်ပွဲ ဖြစ်လာမည် မဟုတ်ကြောင်း ၎င်းကပြောကြားသည်။

ထို့ပြင် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင် ရုံးချုပ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေးမန်နျူရယ် ဘာရိုဆိုက မိမိအနေဖြင့် ယမန်နှစ် နိုဝင်ဘာလ အတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ် သမိုင်းတွင်မည့် ပြောင်းလဲမှုများကို ဆက်လက်ဖြစ်ပေါ်နေသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ အီးယူအနေဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ဖယ်ရှားခဲ့ခြင်း အပါအ၀င် ဆက်ဆံရေးကို သိသာစွာ တိုးမြှင့်ခဲ့ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များသည် ပြည့်စုံမှု မရှိသေးဘဲ လုပ်ဆောင်ရန် များစွာလိုနေသေးသည်ကို အီးယူအနေဖြင့် ကောင်းစွာ သတိထားမိသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဆက်လက်ဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အားပေးထောက်ပံ့မှုများနှင့် ထိုက်တန်နေပါကြောင်း၊ ယင်းသို့ ကူညီမှုများတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့်အတူ အီးယူကလည်း အဓိက အခန်းကဏ္ဍမှ ဆက်လက်ပါဝင် သွားမည်ဖြစ်ကြောင်း ဘာရိုဆိုက ပြောကြားသည်။

အီးယူအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ ပြန်လည်ရင်ကြားစေ့ရေးကို ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လူထုအုံကြွမှုများအပေါ် ကိုင်တွယ်ထိန်းသိမ်းရေးနှင့် ပတ်သက်၍လည်း စွမ်းရည်မြှင့်တင်မှုများကိုလည်း ကူညီလုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၂၁ ရက်တွင် လူဇင်ဘတ်နိုင်ငံ၌ ဥရောပသမဂ္ဂ ၂၈ နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများနှင့် ကျင်းပမည့် ဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်သည့်အပြင် အောက်တိုဘာ ၂၂ ရက်တွင် စထရက်ဘွန်မြို့ရှိ ဥရောပ ပါလီမန်၌ ၁၉၉၀ ပြည့်နှစ်က ရရှိထားသော ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေး ဂုဏ်ပြုဆုအား လက်ခံရယူမည် ဖြစ်သည်။

အောက်တိုဘာ ၁၉ ရက်က ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်အား ဥရောပကော်မရှင် ဥက္ကဋ္ဌ ကြိုဆိုနေစဉ် (Photo:AFP)

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top