လမ်း၊ တံတား၊ ဆေးရုံ စသည့် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများတွင် ၀န်ကြီးဌာန အနေဖြင့် ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ဘဲ အကျိုးအမြတ် အနည်းငယ်သာကြည့်ပြီး လုပ်ငန်းအာမခံချက်ရှိသည့် လုပ်ငန်းများသာ လုပ်ကိုင်ခွင့် ပေးသင့်ကြောင်း အောက်တိုဘာ ၂၃ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချိုဦးက ထောက်ပြ ပြောကြားခဲ့သည်။
နတ္တလင်း-ဒမငယ်-တောင်ညိုလမ်း ကျောက်ချောလမ်း ခင်းကျင်းရန်အတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ တင်ဒါစနစ်ဖြင့် ရွေးချယ်ခဲ့ရာ ယင်းလမ်းအပါအ၀င် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့ပေါင်း ၁၁ မြို့မှ ကျေးလက်တံတားများ တည်ဆောက်ရန် ပုဂ္ဂလိကကုမ္ပဏီ တစ်ခုဖြစ်သော ရွှေလွင်လွင် ကုမ္ပဏီအုပ်စုမှ တင်ဒါရရှိခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာတွင် ကြိုတင်အာမခံငွေ သွင်းရာ၌ လျော့နည်းသွင်းထားခြင်း၊ သတ်မှတ်ကာလ၌ လုပ်ငန်းမပြီးဆုံးခြင်း၊ လုပ်ငန်းမပြီးဆုံးသော်လည်း ကုမ္ပဏီ အနေဖြင့် ထုတ်ယူထားမှု ငွေပမာဏသည် သတ်မှတ်အရစ်ကျ ထုတ်ယူမှုထက် များပြားနေခြင်း၊ ၀န်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှု အားနည်းချက် စသည်တို့ကို အစီရင်ခံစာ၌ ဖော်ပြပြီး အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဝင်းက အဆိုအဖြစ် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးပေါ်လျံလွင် ကလည်း ၎င်း၏မဲဆန္ဒနယ် အတွင်းရှိ လမ်းခင်းကျင်း နေမှုများအား တင်ပြ၍ အချက်သုံးချက်ဖြစ်သော အမြတ်အစွန်း တစ်ခုကိုသာ ကြည့်ရှုဆောင်ရွက် လုပ်ဆောင်ခြင်း၊ ဌာနဆိုင်ရာများနှင့် နားလည်မှု ရယူခြင်းကြောင့် ပြည်သူများ နစ်နာရခြင်း၊ ပြည်သူလူထု တင်ပြချက်အပေါ် လမ်းခင်းရန် တာဝန်ယူထား သူများက ဂရုမစိုက် ခြင်းကြောင့် နိုင်ငံတော်နှင့် ပြည်သူများ နစ်နာရခြင်းတို့အား ရှင်းလင်းပြောကြား၍ ထောက်ခံ ဆွေးနွေးသည်။
အောက်တိုဘာ ၁၇ ရက် သတင်းတစ်ပုဒ်တွင် တရုတ်ကွန်မြူနစ် ပါတီသည် နန်ကျင်းမြို့တော်ဝန် ကျိကျန်ယဲကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း ဖတ်ရှုရသည်။ သူသည် ၎င်းနှင့် ချိတ်ဆက်ထားသော ကုမ္ပဏီတစ်ခုထံသို့သာ ဆောက်လုပ်ရေး စီမံကိန်းများ လုပ်ပိုင်ခွင့်ကို ချပေးခဲ့သောကြောင့် ဥပဒေနှင့် ပါတီစည်းမျဉ်းများကို အပြင်းအထန် ချိုးဖောက်သည်ဟု စွဲချက်တင် ခံရခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများထဲတွင် ပါဝင်နေသည်။ နိုင်ငံခြား ကြွေးမြီပေါင်းများစွာ တင်ရှိနေသည်။ နိုင်ငံတကာမှ အကူအညီများကို လှည့်ပတ်တောင်းခံ နေရသည်။ လာဘ်စားမှု တိုက်ဖျက်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် ရေရှည်ခိုင်မာသော စီးပွားရေး တိုးတက်မှု တည်ဆောက်နိုင်ရေး တို့အတွက် ရုန်းကန်နေရသည်။ ယင်းကဲ့သို့သော အနေအထားမျိုးတွင် လာဘ်စားမှုကို အားပေးပြီး ပြည်သူ့ဘဏ္ဍာ ငွေများကို ဖြုန်းတီးရာ ရောက်သည့် စီမံကိန်းများကို ပြန်လည် သုံးသပ်သင့်သည်။ ထို့အပြင် ပြည်သူများ အကျိုးစီးပွားအတွက် အမှန်တကယ် ထိုက်တန်သော စီမံကိန်း ဖြစ်ပါကလည်း ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ဘဲ အကျိုးအမြတ် နည်းနည်းသာ ရယူပြီး လုပ်ငန်းအာမခံချက် ရှိသည့် လုပ်ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့် ပေးသင့်ပါကြောင်း The Daily Eleven သတင်းစာက အကြုံပြု ရေးသားအပ်ပါသည်။
အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment