0


    Created on Saturday, 19 October 2013 23:58


အာဆီယံ လူထုဖိုရမ်တွင် သုံးစွဲမည့် ဘဏ္ဍာငွေနှင့် ပတ်သက်၍ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းများမှ ညှိနှိုင်းအစည်းအဝေးပွဲကို အောက်တိုဘာ ၁၈ရက်တွင် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ Crystal Jade Restaurant တွင် ညှိနှိုင်းခဲ့ကြောင်း သိရသည်။

ဘဏ္ဍာငွေ သုံးစွဲခြင်းဆိုင်ရာနှင့် ပတ်သက်၍ မည်မျှသုံးစွဲမည်ကို ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းများနှင့် ညှိနှိုင်းခဲ့ပြီး ယင်းသဘောတူညီချက်ကို အောက်တိုဘာ ၂၀ ရက်တွင် ဒေသတွင်း အာဆီယံ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပြန်လည် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

"ဘယ်လောက် သုံးစွဲမယ်ဆိုတာတော့ ကျွန်တော်တို့ မထုတ်ပြန်နိုင်သေးပါဘူး။ ၂၀ ရက်မှာ အာဆီယံ အရပ်ဘက် ကိုယ်စားလှယ်တွေနဲ့ တွေ့မယ်။ အဲဒီမှာ သူတို့ရဲ့ သဘောတူညီချက်ကို ယူပြီးမှ ၂၁ ရက်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်သွားပြီး တိတိကျကျ ထုတ်ပြန်သွားပါမယ်"ဟု အာဆီယံလူထု ဖိုရမ်မှ ဆက်သွယ်ညှိနှိုင်းရေးမှူး ကိုကျော်လင်းဦးက ပြောကြားသည်။

အာဆီယံ လူထုဖိုရမ် ကုန်ကျစရိတ်များကို အချို့နိုင်ငံများတွင် အစိုးရက ထည့်ဝင်ပေးခြင်းများ ရှိကြောင်း၊ ယင်းအတွက် ကုန်ကျစရိတ်မှာ အနည်းဆုံး အမေရိကန်ဒေါ်လာ တစ်သိန်းမှ အများဆုံး အမေရိကန် ဒေါ်လာ လေးသိန်းအထိ ကုန်ကျခဲ့သည်များ ရှိကြောင်း ယင်း၏ ပြောကြားချက်အရ သိရသည်။မြန်မာနိုင်ငံ၏ ကုန်ကျစရိတ်ကိုမူ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သံရုံးများထံမှ အလှူခံ သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးပွဲတွင် ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်း ၃၈ ဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top