သားဖြစ်သူ အသက်မပြည့်ဘဲ ယာဉ်မောင်းလိုင်စင်ရရှိမှု ၀န်ကြီးချုပ် မေးခွန်းထုတ်
ထားဝယ်၊ ဒီဇင်ဘာ
သားဖြစ်သူ အသက် ၁၈ နှစ်မပြည့်ဘဲ ကားမောင်းလိုင်စင် ရရှိခဲ့သည့်အပေါ်၊ လိုင်စင်ထုတ်ပေးခဲ့သည့်အပေါ် ကညနကို တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က မေးခွန်းထုတ်လိုက်သည်။
အသက် ၁၆ နှစ်သာရှိသေးသည့် သားဖြစ်သူ ငွေကျပ် ရှစ်သောင်းပေးပြီး ကားမောင်းလိုင်စင်ရရှိလာသည့်အပေါ် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ အစည်းအဝေးတွင် ၀န်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
အသက်မပြည့်သေးသည့် ကလေးများ လမ်းပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ မြွေလိမ်မြွေကောက် မောင်းနေခြင်းတို့မှာ မည်ကဲ့သို့ လိုင်စင်ရနေခြင်းဖြစ်သည်ကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်စေလိုကြောင်း တိုင်းဒေသကြီး ၀န်ကြီးချုပ်ကဆိုသည်။
“ဘာမှန်းလည်းမသိဘဲနဲ့ လိုင်စင်တစ်စောင်ရလာပါတယ်။ ကျွန်မသားဆို ၁၆နှစ်ပဲရှိပါသေးတယ်။ ကားမောင်းလိုင်စင်ရလာပါတယ်”ဟု တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
ကားမောင်းလိုင်စင်(ခ)နှင့် ဆိုင်ကယ်မောင်းလိုင်စင် ပြုလုပ်ရာတွင် မှတ်ပုံတင်ကို ကြည့်ကာ အသက် ၁၈ နှစ်ပြည့်မှသာ ယာဉ်မောင်းလိုင်စင်ဖြေဆိုခွင့်ပြုနေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တိုင်းဒေသကြီး ဦးစီးမှူး ကဆိုသည်။
ယင်းအပြင် ယာဉ်မောင်းလိုင်စင်ပြုလုပ်ရာတွင် သတ်မှတ်ငွေကြေးထက်ပိုမိုတောင်းခံနေပါက တိုင်းဦးစီးမှူး ထံ စာဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေတိုင်ကြားနိုင်ကြောင်း ကညနရုံး တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိန်က ပြောသည်။“ငွေကြေးတောင်းခံတယ်ဆိုရင် ချက်ခြင်းအရေးယူသွားမှာ ဖြစ်တယ်”ဟု ဦးကျော်စိန်က ဆိုသည်။
တိုင်းဒေသကြီး ကညနရုံးကို ပြီးခဲ့သည့်နှစ်လခန့်မှစကာ ပွဲစားကိစ္စ၊ ငွေကြေးကိစ္စများဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)မှ စစ်ဆေးနေကြောင်း Dawei Watch က စုံစမ်းသိရှိရသည်။
Dawei Watch
http://thevoicemyanmar.com/news/4380-reg
Post a Comment