ရန်ကုန်၊ ဇွန် ၂၆
မလေးရှားနိုင်ငံတွင်း တရားမဝင် ရောက်ရှိနေသူ ၁၇ဝဝ ကျော်၏ ငွေကြေးကိစ္စများကို ဇူလိုင်လ နောက်ဆုံးထား ရှင်းလင်းပေးမည် ဖြစ်ကြောင်း Diamond Palace ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးသိန်းသန်းက ပြောကြားသည်။
ဇွန်လ ၂၆ ရက်က ရန်ကုန်မြို့ Pack Royal ဟိုတယ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ - မလေးရှား နှစ်နိုင်ငံကြား ဝန်ဆောင်မှု လုပ်ငန်း တရားဝင် ရရှိထားသည်ဟုဆိုသော အဆိုပါ ကုမ္ပဏီဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
မလေးရှားသို့ တရားမဝင် ရောက်ရှိနေသူ ၁၇၆၈ ဦးသည် အဆိုပါ ကုမ္ပဏီနှင့် တရားဝင် အလုပ်လုပ်ကိုင်ခွင့် Work Permit ရရှိရန် လျှောက်ထားလာခြင်းဖြစ်ပြီး ယင်းတို့၏ ငွေကြေးကိစ္စများကို ဇူလိုင်လ ၂၉ ရက် နောက်ဆုံးထား ပြန်လည် ရှင်းလင်းပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိတွင် ယင်းသို့ မလေးရှားတွင် အထောက်ထားမဲ့ဖြင့် ရောက်ရှိနေပြီး အလုပ်လုပ်ကိုင်ခွင့် ရရှိစေရန် ယင်းကုမ္ပဏီမှတစ်ဆင့် လျှောက်ထားရာတွင် ငွေကြေးလိမ်လည်မှုများ ရှိနေကြောင်း မလေးရှားရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအကြား ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။
“ကျွန်တော်တို့ဘက်က ကျန်ရှိနေသေးတဲ့ လူတွေကို စာရင်းဇယား တိတိကျကျနဲ့ ရှင်းပေးသွားမှာပါ။ ကုမ္ပဏီမှာ လာပြီး လျှောက်ထားခဲ့တဲ့ သူတွေကို တာဝန် အပြည့်အဝ ယူပေးမှာပါ”ဟု ဦးသိန်းသန်းက ဆိုသည်။
မလေးရှားနိုင်ငံသို့ အထောက်အထားမဲ့ဖြင့် ရောက်ရှိနေသူများ အနေနှင့် တရားဝင် အလုပ်လုပ်ကိုင်နိုင်ရန် မလေးရှားအစိုးရသို့ ရင်းဂစ် လေးထောင်နှင့် ကုမ္ပဏီသို့ ဝန်ဆောင်ခအဖြစ် ရင်းဂစ်ရှစ်ရာ ပေးသွင်းရကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲထံမှ သိရသည်။
ယင်းကုမ္ပဏီအနေနှင့် မလေးရှားနိုင်ငံတွင် နှစ်နိုင်ငံအစိုးရ၏ သဘောတူညီချက်ဖြင့် လုပ်သား ၅၄ဝဝ ကျော်ကို အလုပ်လုပ်ခွင့်ပါမစ် ရရှိစေရန် လျှောက်ထားပေးပြီး ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
“အထောက်အထားမဲ့ မြန်မာတွေကို အလုပ်လုပ်ကိုင်ခွင့်ရဖို့ နေထိုင်ခွင့် စသဖြင့် အဆင့် လေးဆင့် လုပ်ရတယ်။ ပြီးတဲ့ အဆင့်အလိုက် ငွေပြန်အမ်းပေးမယ်”ဟု ဦးသိန်းသန်းက ဆိုသည်။
မြန်မာနှင့် မလေးရှား နိုင်ငံတို့အကြား အစိုးရချင်း သဘောတူညီချက်ဖြင့် အထောက်အထားမဲ့ မြန်မာများကို တရားဝင် အလုပ် လုပ်ကိုင်ခွင့်ရရှိရန် ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းကို ၂ဝ၁၄ ခုနှစ်မှ စတင်၍ တရားဝင် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ငွေစာရင်းများ ပြန်လည် ရှင်းလင်းရာတွင် လျှောက်ထားခဲ့သော လုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်း ပေးဆောင်ခဲ့ရသည့် ငွေစာရင်းများကို တွက်ချက်ကာ ပြန်လည် ရှင်းလင်း ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲထံမှ သိရသည်။
Post a Comment