0

ရန်ကုန်၊ဒီဇင်ဘာ၂၈
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်း အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးသည် မဲဆွယ်စည်းရုံးရေးကာလအတွင်း အစိုးရကိုပုတ်ခတ်ပြောဆိုသည်ဟုဆိုသော စွပ်စွဲချက်ပေါင်း ၆၀ကျော်ဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်လွှာတင်သွင်းကြောင်း အနိုင်ရ NLD ပါတီ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်ကပြောကြားသည်။
လှည်းကူးမြို့နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးအပါအဝင် ကိုယ်စားလှယ်လောင်းသုံးဦးက အနိုင်ရ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်ပတ်သက်ပြီး ၎င်းကယင်းသို့ပြောဆိုခြင်းဖြစ်သည်။
အနိုင်ရ NLD ပါတီကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း သမ္မတ၊ လွှတ်တော်နှင့်အစိုးရအဖွဲ့ဝင်များကို ပုတ်ခတ်ပြောဆိုသည်ဟုဆိုသော စွပ်စွဲချက်ပေါင်း၆၇ချက်အပါအဝင် ရွေးကောက်ပွဲနေ့တွင် မဲရုံအတွင်းရှိမဲပေးသူများကို အနှောင့်အယှက်ဖြစ်စေမှုအောင်ပြုလုပ်သည်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းများက ကန့်ကွက်လွှာတင်သွင်းကြောင်း ဦးသိန်းတန်ကဆိုသည်။
“ဥပမာ-ဘယ်နေ့ဘယ်နေရာမှာဖြင့် ဦးသိန်းတန်ကမဲဆွယ်စည်းရုံးရာမှာ အာဏာရှင်၊ စစ်အစိုးရဆိုတဲ့စကားလုံးကို သုံးပါတယ်ဆိုတာမျိုးပေါ့၊ အဲဒီလိုမျိုးစွပ်စွဲထားတဲ့အချက်တွေချည်းပဲ” ဟု ၎င်းကဆိုသည်။
ထို့အပြင်အဆိုပါကန့်ကွက်လွှာအမှုများနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၃၀ရက်နေ့တွင် ပြန်လည်ချေပလွှာများကိုတင်သွင်းမည်ဖြစ်ကြောင်း လှည်းကူးမြို့နယ် NLD ပါတီထံမှသိရသည်။
“ကျွန်တော်တို့ချေပလွှာတင်လို့မှ သူတို့ကမကျေနပ်ဘူး၊ ထပ်ပြီးကန့်ကွက်မယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ကန့်ကွက်လွှာပြန်တင်ဖို့ပြင်ဆင်ထားတယ်၊ ပါတီဗဟိုကတော့ အချက်အလက်ခိုင်ခိုင်လုံလုံ စုဆောင်းထားဖို့မှာထားပါတယ်”ဟု ဦးသိန်းတန်ကဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များစာရင်းကို နိုဝင်ဘာလ၉ရက်နေ့မှစတင်ကာ ထုတ်ပြန်ကြေညာထားသော်လည်း ယင်းရွေးကောက်ပွဲရလဒ်များကိုအပေါ်ကန့်ကွက်လွှာအမှုတင်သွင်းမှု ၂၈မှုရှိပြီးအနိုင်ရ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ခံရမှုအများဆုံးဖြစ်ကြောင်း ရွေးကောက်ပွဲခုံရုံးအဖွဲ့ဝင်များထံမှသိရသည်။
The Voice Weekly

Post a Comment

 
Top