0

လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ NLD ပါတီကို ပဲမပေးဖို့ အထက်အရာရှိတွေက ဖိအားပေး ခြိမ်းခြောက်မှုတွေ ရှိတယ်လို့ ဒီနေ့ (စက်တင်ဘာ ၂၂ ရက်) ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့မှာ ပြုလုပ်တဲ့ မဲဆွယ်စည်းရုံး ဟောပြောပွဲမှာ NLD ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“အခု ကျွန်မ ကြားနေရတာကတော့ တချို့ အစိုးရဌာနတွေမှာ ဌာန အကြီးအကဲတွေ အစိုးရအဖွဲ့ဝင်တွေက နေပြီး NLD ပါတီကို မဲပေးရင် ဟိုဟာဖြစ်မယ် ဒီဟာဖြစ်မယ် ဆိုပြီး ခြိမ်းခြောက်နေကြတာတွေ ရှိတယ်။ ပြည်သူကို မလေးစားလို့ ခြိမ်းခြောက်တာ၊ ငါတို့ခြိမ်းခြောက်ရင် ကြောက်မှာပဲဆိုပြီး ခြိမ်းခြောက်နေကြတာ” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သားတွေနဲ့ ရဲဝန်ထမ်းတွေလည်း သက်ဆိုင်ရာ တပ်နယ်မြေနဲ့ ရဲစခန်းတွေမှာ မဲမပေးသင့်ဘဲ ပြည်သူတွေနဲ့ တန်းတူ မဲပေးဖို့ စီစဉ်ပေးသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“မြန်မာနိုင်ငံမှ တပ်မတော်သားတွေ သူတို့ရဲ့ စခန်းတွေထဲမှာ မဲပေးရမှာ သေချာတယ်။ ၂၀၁၀ တုန်းကလည်း ဒီအတိုင်းပဲ။ အထူးရဲတွေကလည်း ဒီလိုပဲပေးရမလားတော့ မသိဘူး။ သူတို့တွေက နိုင်ငံသားပဲဖြစ်လို့ မဲရုံတစ်ရုံထဲမှာပဲ အတူတူပဲ မဲပေးသင့်တယ်။ စခန်းထဲမှာ မဲပေးတာမျိုး မဖြစ်သင့်ဘူး ထင်တယ်။ အားလုံး အတူတူပေးဖို့ တောင်းဆိုထားတယ်။ ရမယ့်ပုံတော့ မရှိပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အခုရွေးကောက်ပွဲဟာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ဖြစ်ခဲ့တဲ့ အာဏာမလွှဲပေးတဲ့ လုပ်ရပ်မျိုး ဖြစ်နိုင်ဖို့ အခြေအနေ မရှိတာကြောင့် မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့ NLD ပါတီကို ရဲရဲဝံ့ဝံ့ မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

The Voice Weekly

Post a Comment

 
Top