ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်တစ်လျောက်သို့ ကောင်းကင်ပေါ်မှ အရာဝတ္ထုများကျဆင်းလာမှုကို ထိုင်းသတင်းဌာန ThaiPBS ဖော်ပြထားသည့် ဗီဒီယိုဖိုင်တွင် တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်နှင့် နယ်နိမိတ်ထိစပ်နေသည့် ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်အတွင်းရှိ မြို့နယ်များတွင် စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက ကောင်းကင်ပေါ်မှ ဂြိုဟ်တု သို့မဟုတ် ဥက္ကာခဲများ ဟုယူဆရသော အရာဝတ္ထုများ ကျဆင်းခဲ့ကြောင်း ထိုင်းသတင်းများက အရေးကြီးသတင်းအဖြစ် ဖော်ပြခဲ့ကြောင်း သိရသည်။
ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် ThaiPBS သတင်းအရ ၎င်းအရာဝတ္ထုများ ကျဆင်းလာသည့်နေရာများမှာ ကန်ချနာဘူရီခရိုင်နှင့် မြန်မာနိုင်ငံ ထားဝယ်ခရိုင်တို့အကြား ထိစပ်နေသည့် နယ်စပ်တစ်လျှောက်သို့ ကျဆင်းလာခြင်းဖြစ်ပြီး ထိုင်းစစ်ဘက်မှ လိုက်လံရှာဖွေနေကာ အမေရိကန်နိုင်ငံရှိ အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ NASA သို့လည်း ဆက်သွယ်၍ ကောင်းကင်ပေါ်မှကျ ဆင်းလာသည့် အရာဝတ္ထုများမှာ မည်သည့်အရာဖြစ်ကြောင်း အတည်ပြုပေးရန် ဆက်သွယ်နေကြောင်း ဖော်ပြခဲ့သည်။ ၎င်းအရာဝတ္ထုများမှာ မြန်မာနိုင်ငံဘက်ခြမ်း နယ်နိမိတ်အတွင်း ကျဆင်းမှုများရှိခဲ့ပြီး လက်ရှိရရှိထားသော သတင်းများအရ ထားဝယ်မြို့မှ အရှေ့ဘက် မိုင် ၇၀ ကျော်ခန့်အကွာ ထားဝယ်- ကန်ချနာဘူရီလမ်းပိုင်းရှိ ဆင်ဖြူတိုင်ရွာမှ အရှေ့တောင်ဘက် ထိုင်း-မြန်မာနယ်စပ် ဘောဒီနယ်စပ်အနီးနှင့် မေတ္တာမြို့မှ ၁၅ မိုင်ကျော်ခန့်အကွာ အိုင်ဝိုင်းရွာအရှေ့ဘက်ရှိ ငါးရံ့နီချောင်းမှ အရှေ့မြောက်ဘက်သို့ ကျဆင်းမှုရှိခဲ့ပြီး မြန်မာစစ်တပ်မှ ကျဆင်းလာသည့်အရာအားသိရှိရန် နယ်မြေကွင်းဆင်းပြီး တောနင်းရှာဖွေနေကြောင်း KNU တပ်မဟာ (၄) ဌာနချုပ်မှလာသော သတင်းကို ကိုးကား၍ KNU ဆက်ဆံရေးရုံး (ထားဝယ်)တာဝန်ခံက ဒေသခံမီဒီယာများအား ပြောကြားသည်။ “ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ ထိုင်း-မြန်မာနယ်စပ် ဘောဒီအနီးအနားကို ကောင်းကင်ပေါ်က အရောင်တောက်တောက်နဲ့ တစ်ခုကျလာတယ်လို့ သိရတယ်။ ထိုင်းဘက်ခြမ်းမှာလည်း အများကြီးကျလာတယ်လို့ ပြောတယ်။ မြန်မာဘက်က ဘောဒီဘက် ကိုကျလာတဲ့အရာကို တစ်ဖက်နိုင်ငံကပစ်လိုက်တဲ့ အမြောက်လား ဘာလားဆိုတာ သေချာစစ်ဆေးနိုင်ဖို့ မြန်မာစစ်တပ်က တောနင်းရှာဖွေနေပြီး ဒီနယ်မြေထဲ ဘယ်သူ့ကိုမှ မ၀င်ခိုင်းဘူးလို့ သိရတယ်။ နောက်တစ်ခု ကတော့ အိုင်ဝိုင်းအရှေ့ဘက်က ငါးရံ့နီချောင်းရဲ့ အရှေ့မြောက်ဘက်ထဲကို ကျသွား တာတွေ့တယ်လို့ပြောတယ်” ဟု KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံး က တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ဘက်ခြမ်းသို့ ကျဆင်းလာသည့်နေရာမှာ သွားလာရခက်ခဲသော တောနက်နေရာများဖြစ်ပြီး KNU တပ်မဟာ (၄) ၏ ထိန်းချုပ်နယ်မြေများဖြစ်ကြောင်း သိရသည်။ “ ရွာသားတွေကတော့ လေယာဉ်ပျက် ကျတယ်လို့ပြောနေကြတယ်။ ကောင်းကင်ပေါ်ကပြုတ်ကျလာတဲ့ဟာက မြေပြင်ပေါ်ရောက်ပြီးပေါက် ကွဲတဲ့အသံကို မိုင် ၂၀ ကျော် အကွာမှာရှိတဲ့ ကျွန်မတို့ရွာကနေတောင် ကြားရတယ်။ အခုတော့ ရွာသားတွေ အဲဒီဘက်ကိုတက်ပြီး သွားရှာနေကြတယ်” ဟု မေတ္တာမြို့အနီးရှိ တောင်သုံးလုံးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။
ထိုင်းသတင်းဌာနThaiPBS မှဖော်ပြချက်အရ ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်နှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသတစ်လျှောက်သို့ ကောင်းကင်ပေါ်မှ အဆိုပါအရာဝတ္ထုများ ကျဆင်းလာခြင်းဖြစ်ကြောင်း၊ ကန်ချနာဘူရီခရိုင်အတွင်းရှိ ဆိုင်ယို့မြို့နယ် မက်လန်ဒွမ်ရွာနှင့် နေရာအချို့သို့ ၎င်းအရာများ ကျဆင်းလာမှုအား ထိုင်းစစ်ဘက် ရေဒါများမှ ဖမ်းယူရရှိခဲ့ပြီး အမေရိကန်နိုင်ငံရှိ NASA အဖွဲ့သို့ ဆက်သွယ်အတည်ပြုရန် ဆောင်ရွက်နေကြောင်း ပါရှိသည်။
http://news-eleven.com/

Post a Comment