သာကေတမြို့နယ်၊ (၇) ရပ်ကွက်၊ အလယ်ခိုင် ရွှေဝါလမ်းတွင် ယမန်နေ့နံနက် (၄) နာရီခန့်က အမည်မသိ အမျိုးသမီး တစ်ဦး ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာဖြင့် သတိလစ် မေ့မြောနေကြောင်း သာကေတ မြို့မရဲစခန်းမှ သိရသည်။
(၇) အရှေ့ရပ်ကွက်၊ အလယ်ခိုင်ရွှေဝါ လမ်းတွင် စက်တင်ဘာ (၂၃) ရက်နေ့ နံနက် (၄) နာရီခန့်၌ အမည်မသိ အမျိုးသမီး တစ်ဦး ဦးခေါင်းကွဲ ဒဏ်ရာများဖြင့် လဲကျမေ့မြောနေသည်ကို ရပ်ကွက်အတွင်း နေထိုင်သူများက တွေ့ရှိခဲ့ကာ ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အမျိုးသမီး တစ်ဦး ဦးခေါင်းကနေ သွေးတွေထွက်ပြီး လဲကျနေတယ်လို့ သတင်းရလို့ ကျွန်တော်တို့ ရောက်သွားပြီး စစ်ဆေးတယ်။ နောက်ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ထားတယ်။ ဒီအနီးပတ်ဝန်းကျင်က လူတွေကလည်း သူ့ကို မသိတော့၊ မည်သူမည်ဝါဆိုတာ မပြောနိုင်သေးဘူး”ဟု သာကေတ မြို့မရဲစခန်းမှ စခန်းမှူး ၀င်းကျော်က ပြောသည်။
ဦးခေါင်းဒဏ်ရာရ အမျိုးသမီးကို ရန်ကုန် ဆေးရုံကြီးတွင် ရဲဆေးစာဖြင့် ဆေးကုသခွင့် ပေးထားပြီး၊ ဦးခေါင်းဒဏ်ရာမှာလည်း အသက်အန္တရာယ် စိုးရိမ် လောက်သည့်အထိ ပြင်းထန်မှု မရှိကြောင်း၊ လောလောဆယ် အခြေအနေတွင်မူ အဆိုပါ အမျိုးသမီးမှာ အသက် (၂၈) နှစ် အရွယ်ရှိပြီး စကားပြောတတ်သည်၊ မပြောတတ်သည်ကို မသိရှိရသေးသည့် အတွက် စုံစမ်းစစ်ဆေးမှုတွင် ခက်ခဲမှု ရှိကြောင်းလည်း အဆိုပါရဲစခန်းမှ သိရသည်။
Post a Comment