0


|| ဆောင်းပါး ||

တစ်နေ့တစ်မျိုးမရိုးအောင် ဇာတ်ကွက်သစ်တွေ ပြောင်းပြောင်းနေတဲ့ ရွေးကောက်ပွဲ ဇာတ်လမ်းတွဲကြီးက အခု တစ်ပတ်မှာတော့ မဲစာရင်းကြည့်တဲ့အခန်းကို ရောက်ပြန်ပြီလေ။ ပထမတစ်ကြိမ်ကပ်တုန်းက ၈၀ ရာခိုင်နှုန်း မှားနေတယ်ဆိုပြီး နာမည်ပျက်ခဲ့ တဲ့ ကော်မရှင်ကြီးက ဒီတစ်ခါတော့ ၈၀ ရာခိုင်နှုန်းများ မှန်အောင်လုပ်ထားပြီလားဆိုပြီး အပြေးအလွှား သွားကြည့်ကြရတာပေါ့။ မှားတုန်းကဖြင့် “ကိုယ့်ထမင်းကိုယ်စားပြီး လုပ်နေရတာတို့”၊ “မဲစာရင်းမှန်ဖို့ ပြည်သူတို့ မီဒီယာတို့မှာ တာဝန်ရှိတယ်” တို့ ပြောခဲ့ ဖူးတဲ့ ရွေးကော်ဥက္ကဋ္ဌကြီးက တကယ်လို့များ မှန်တာတွေများရင်ဖြင့် “နာတို့လုပ်တာ” ဆိုတာမျိုးများ ပြောဖော်ရမလားလို့ပေါ့ဗျာ။
ဒီကနေ့ ရွေးကောက်ပွဲကော်မရှင်ကြီးကို မီဒီယာတချို့က “ရွေးကော်”ဆိုပြီး ခေါ်ဝေါ် သုံးစွဲလာတာဖတ်ရတော့ ကျွန်တော်တို့ နိုင်ငံပြည်သူများက အဖွဲ့အစည်းတွေကို အတိုကောက်ခေါ်ဝေါ်သုံးစွဲရာမှာတော့ အတော်ကိုကျွမ်းကျင်ပိုင်နိုင်တဲ့ သမိုင်း ရှိခဲ့တာ ကိုတော့ သတိထားမိသဗျ။ သဘင်တို့၊ အနုပညာတို့ အသုံးမတည့်သေးခင် ခေတ် ကာလကဆို အတီးအမှုတ် အဆိုအကသမားတွေကို ပါဠိလို ၀ါရိတ၊ ဂီတ၊ နိစ္စဆိုတာကို အတိုကောက်လုပ်ပြီး “၀ါဂီနစ်”အဖွဲ့လို့ ခေါ်ခဲ့တာလေ။ ဒီလိုပဲ စာအုပ်၊ ဂျာနယ်နဲ့ မဂ်္ဂဇင်းကို ပေါင်းပြီး စာနယ်ဇင်းလို့ ခေါ်ခဲ့တာ အခုအထိ တွင်နေတုန်းပါပဲ။ မြန်မာ့နိုင်ငံရေး သမိုင်းမှာဆိုရင် ဖဆပလတို့၊ ပမညတတို့၊ ပထစတို့နဲ့ တည်ဆောက်ထားခဲ့တာ မဟုတ်လား။ ဒါပေမဲ့ တပ်မတော်က ၁၉၆၂ မှာ အာဏာသိမ်းပြီးတဲ့နောက် တစ်ခုတည်းသော ပါတီအဖြစ်ပေါ်လာတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကတော့ “မဆလ”ခေါ်တာကို လုံးဝမကြိုက်ဘူး၊ အသိအမှတ်မပြုဘူးခင်ဗျ။ သူ့အတိုကောက်ကိုက “လမ်းစဉ်ပါတီ”ဆိုပဲ။ ဒါပေမဲ့ နောင်နှစ်ပေါင်းသုံးဆယ်လောက် ကြာတဲ့အခါကျ သူတို့ တပည့်သားမြေးများ ကိုယ်တိုင်က “မဆလခေတ်”လို့ ရည်ညွှန်းတာ ကြားရပြန်တော့ အင်း၊ မတည်မြဲခြင်းသာ တည်မြဲသကိုးလို့ တရားကျရပြန်တာပေါ့ခင်ဗျာ။
ဒီလိုနဲ့ သမိုင်းဘီးတစ်ပတ်လည်ပြန်တဲ့အခါ ၁၉၈၈ မှာ အာဏာထပ်သိမ်းပြန်ရော။ ၁၉၆၂ တုန်းက အာဏာသိမ်းစစ်အုပ်စုရဲ့ အစိုးရအဖွဲ့နာမည်က တော်လှန်ရေးကောင်စီဖြစ်ခဲ့ပြီး ၁၉၈၈ မှာတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လို့ ဆိုသကိုး။ သူ့အဖွဲ့နာမည်ကလည်း ရှည်တော့ အတိုကောက်ကျွမ်းတဲ့ တို့မြန်မာတွေက “ငြိမ်ပိ”လို့ အမည်တပ်ပြီး ငြိမ်ပိအစိုးရလို့ ရည်ညွှန်းခဲ့ကြတာပေါ့။ “အချိန်မရှိလမ်းပြင်၊ ငြိမ်ပိလမ်းစဉ်”ဆိုတာမျိုးတောင် ဆိုရိုးဖွဲ့ခဲ့ကြတာကိုး။ ဒီတော့ စစ်အစိုးရကြီးကလည်း သူ့ကို ငြိမ်ပိခေါ်တာ လုံးဝမကြိုက်ပြန်ဘူးခင်ဗျ။ န၀တဆိုတဲ့ အတိုကောက်အသုံးကိုတော့ လက်ခံထားတဲ့ အဲဒီအစိုးရကြီးက ငြိမ်ပိခေါ်လျှင် ထောင်ချမည်ဆိုပြီး ရပ်ကွက်ရုံး ကြော်ငြာသင်ပုန်းမှာ ပြူးတူးပြဲတဲ ကြော်ငြာတာတောင် မြင်ခဲ့ရဖူးပါသဗျာ။
အခုတစ်ခါ ရွေးကောက်ပွဲကော်မရှင်ကြီးကို “ရွေးကော်”လို့ ခေါ်နေတာဟာ သိပ်ကြိုက်စရာနာမည်မဟုတ်ပေမယ့် သဘောကောင်းပုံပေါ်တဲ့ ကော်မရှင်လူကြီးမင်းများကတော့ မဆလတို့ ငြိမ်ပိတို့လို “ဒီလိုကြီးခေါ်ရင် တို့စိတ်ဆိုးလိုက်မှာနော်၊ အဟင့်” လို့ ပြောရှာပါဘူး။ တကယ်တော့လည်း တစ်ဖက်က စဉ်းစားကြည့်ရင် ရွေးကော်ဆိုတဲ့နာမည်က တော်တော် အဓိပ္ပာယ်ပြည့်စုံတယ်လို့တော့ ဆိုနိုင်သားဗျ။ မြန်မာစကားထဲမှာ “စိုင်ကော်လို့ ချုံပေါ်ရောက်တယ်”ဆိုတဲ့စကား အားလုံးကြားဖူးကြမှာပါပဲ။ ချုံပေါ်ရောက်တယ်ဆိုတာ ဒီနေရာမှာတော့ မြေပြင်ထက်အမြင့် အများက မော့ကြည့်ရတဲ့ နေရာကို ရောက်သွားတာကို တင်စားသုံးနှုန်းတာပါပဲ။ ဒီတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ “ရွေးကောက်ခံ” တွေထဲက တကယ် အများက နှစ်သက်လက်ခံပြီး မဲအများဆုံး ပေးထားသူကို မှန်မှန်ကန်ကန် “ရွေး”ပြီး လွှတ်တော်ထဲကို အရောက် “ကော်”တင်ပေးရမယ့် အလုပ်ပဲမဟုတ်လားဗျာ။ ဒီတော့ “ရွေးကော်” ဆိုတဲ့ နာမည်က တိုတိုနဲ့ဟပ်မိတယ်လို့ ထင်မိတာပါ။
ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း အခု ရွေးကောက်ပွဲမှာ ကော်မရှင်အဖွဲ့ကိုရော၊ ကော်မရှင် ဥက္ကဋ္ဌကြီးကိုပါ မယုံမကြည်တဲ့ စွပ်စွဲအပြစ်တင်ကြတာတွေ၊ နုတ်ထွက်ပေးဖို့အထိ တောင်းဆိုခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မကြာသေးမီက ဗီအိုအေသတင်းဌာနက မေးမြန်းရာမှာ ရွေးကော်ဥက္ကဋ္ဌကြီးက “ကော်မရှင်ကို မဟုတ်ပါဘူးဗျာ၊ ကျွန်တော့်ကို မယုံတာပါ”လို့ တိတိလင်းလင်းပဲ ဖြေကြားသွားပါတယ်။
ဥက္ကဋ္ဌကြီးက သူဟာ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ခဲ့တယ်၊ ကြံ့ခိုင်ရေးအမတ်ဖြစ်ခဲ့တယ်၊ တပ်မတော်အရာရှိမှာမှ ဒုဗိုလ်ချုပ်ကြီးဖြစ်ခဲ့တယ်ဆိုတာနဲ့ မယုံကြည်ဘူးဆိုတာကတော့ မဖြစ်သင့်ကြောင်း၊ သူ့ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ပါ။ ဘာအမည်းစက်မှ မရှိခဲ့ပါဘူးလို့ ဖြေရှင်းသွားခဲ့ပါတယ်။ ဟုတ်ပါပြီ။ ဥက္ကဋ္ဌကြီးပြောသလို တပ်မတော်လို သမိုင်းဂွင် အဲလေ၊ သမိုင်းဝင်အဖွဲ့အစည်းကြီးမှာ ဒုဗိုလ်ချုပ်ကြီး ဖြစ်ခဲ့ခြင်း၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ လွှတ်တော်ထဲ ရောက်လာပါတယ်လို့ မှတ်တမ်းဝင်ထားတဲ့ ကြံ့ခိုင်ရေးပါတီကြီးရဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ် ခဲ့ခြင်းတို့ဟာ အမည်းစက်မဟုတ်ဘူးလို့ပဲ ထားကြပါစို့။ ထားပါစို့။ ဟဲ ဟဲ။
ဒါပေမဲ့ သမ္မတကြီးရဲ့စိတ်တိုင်းကျ ရွေးထားတဲ့ ရွေးကော်ဥက္ကဋ္ဌကြီးဟာ သမ္မတကြီးရဲ့ အလွန်ရင်းနှီးတဲ့ မိတ်ဆွေကြီးဖြစ်နေတာ၊ လက်ရှိ ရွေးကောက်ပွဲဥပဒေအရ ရွေးကော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ရမယ့် အရည်အချင်းသတ်မှတ်ချက်နဲ့ သီးခြားအရည်အသွေး သတ်မှတ်ချက်တွေ မကိုက်ညီဘဲ နောက်ဆုံးယေဘုယျ သတ်မှတ်ချက်တစ်ချက်နဲ့ပဲ ကိုက်ညီတာ စတာတွေကဖြင့် ပြောစရာဖြစ်နေတာ အမှန်ပါပဲ။ ဒါပေမဲ့ ဒါကိုလည်း ရွေးကော်ဥက္ကဋ္ဌကြီးက အင်တာဗျူးမှာ ပြေလည်အောင် ဖြေရှင်းသွားပါတယ်။ “ကျွန်တော်က ရွေးကောက်ပွဲဥပဒေအရ ကော်မရှင် ဥက္ကဋ္ဌဖြစ်တဲ့သူ မဟုတ်ပါဘူး။ ဒီဥပဒေမပေါ်ပေါက်ခင်ကတည်းက ခန့်အပ်ခံထားရသူပါ” လို့ ငြင်းချက်ထုတ်သွားတာလေ။ အမယ် ဒီလိုပြောတော့လည်း ဟုတ်သားပါပဲ။ ရွေးကောက်ပွဲဥပဒေမှာ ယခုဥပဒေမပေါ်ပေါက်မီ ကော်မရှင်ဥက္ကဋ္ဌ ခန့်ထားပြီးဖြစ်ခဲ့လျှင် ယင်းဥက္ကဋ္ဌကို ဖြုတ်ထုတ် သတ်လုပ်ပြီး အသစ်ထပ်ခန့်ရမည်လို့မှ မပြဋ္ဌာန်းထားတာပဲလေ။
ဒီတော့ ရွေးကောက်ပွဲကို ရွေးကောက်ပွဲ ဥပဒေနဲ့ ဆောင်ရွက်မှာဖြစ်ပေမယ့် ဥက္ကဋ္ဌကတော့ အရင်ရှိပြီးသား ဂွတ်စက်ကင်းဟဲန်းကိုပဲ ဆက်သုံးမှာဖြစ်ပြီး “အသစ်မရှာချင်ပါဘူး”ဆိုတဲ့ သမ္မတကြီးရဲ့ သဘောထားအရ ဆောင်ရွက်တဲ့ သဘောလို့ဆိုရမှာပေါ့ခင်ဗျာ။ (ပြဋ္ဌာန်းတဲ့ ဥပဒေတစ်ရပ်ကို သုံးချင်တာကို သုံး၊ မသုံးချင်တာကို ထားလို့ရတယ်ဆိုတာကိုက ကျွန်တော်တို့နိုင်ငံကြီးရဲ့ ထူးခြားချက် တစ်ရပ်ပါပဲပေါ့နော့)။
အမှန်တော့ ရွေးကော်ဥက္ကဋ္ဌက အရင်က ဘာရာထူးတွေနဲ့ ဘယ်လိုလူမျိုးဖြစ်ခဲ့တယ်ပဲ ထားပါဦး။ ကော်မရှင်တာဝန်ထမ်းဆောင်တဲ့ ကာလအတွင်းမှာ ကြားဖြတ်ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် လုပ်ပေးခဲ့တယ်ဆိုတဲ့ ဂုဏ်ပုဒ်ရှိနေတာတော့လည်း အမှန်ပါပဲ။ ဒီဂုဏ်ပုဒ်ကို ဥက္ကဋ္ဌကြီးက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ “အရင်က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့၊ အခုတော့ ကျုပ်က ကြားလူအစစ်ပဲဆိုတာ မြင်ကြတယ်မဟုတ်လား” ဆိုပြီး လက်မထောင်ပြောခဲ့ရင်တော့ သိပ်ကောင်းမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံအတွက် ၀မ်းနည်းစရာကောင်းတာက ဒီလို မဖြစ်ခဲ့ဘူးလေ။
အဲဒီရွေးကောက်ပွဲမှာ အတိုက်အခံတွေ အပြတ်အသတ်နိုင်သွားပြီးတဲ့နောက် ကော်မရှင် ဥက္ကဋ္ဌကြီးက သူ့စိတ်ခံစားချက်ကို မဖုံးဖိနိုင်ဘဲ “ဒီရွေးကောက်ပွဲက လွတ်လပ်လွန်း အားကြီးလို့ မျှတတယ်လို့ပြောဖို့တောင် ခက်တယ်” ဆိုတာမျိုး ထုတ်ပြောခဲ့တာကိုး။ ထားပါလေ။ ဒါတွေက ပြီးခဲ့ပြီပဲ။ အဲဒီတုန်းက ဘာတွေဖြစ်ဖြစ် အခုရွေးကောက်ပွဲအတွက် မဲစာရင်းကို အမှားနည်းနည်းနဲ့ ထုတ်ပေးခဲ့တယ်ဆိုရင် ပြီးခဲ့တာတွေကို အားလုံး က မေ့ပစ် လိုက်ကြမှာပါ။ အထူးသဖြင့် အခုလို သန်းခေါင်စာရင်း ပူပူနွေးနွေးကောက်ပြီးစမှာ လုပ်တဲ့ ရွေးကောက်ပွဲမှာ သန်းခေါင်စာရင်းအရ ရှိနေတဲ့လူဦး ရေစာရင်းအရပဲ မဲစာရင်း ကို ပြုစုခဲ့တယ်ဆိုရင်တောင် အခုလက်ရှိ မဲစာရင်းထက် အများကြီး အမှန်ထက် နီးစပ်နိုင် ပါတယ်။
အခုတော့ ရွေးကော်က ဘေးချော်ခဲ့ပုံများ သန်းခေါင်စာရင်းအရမလုပ်ဘူး။ ၆၆/၆ ဆိုတဲ့ အိမ်ထောင်စုစာရင်းအရ လုပ်တယ်လို့ ဆိုတယ်။ တကယ်တမ်းကျတော့ အိမ်ထောင်စု စာရင်းရှိ နေသူတွေတောင် ကျန်ခဲ့၊ တစ်အိမ်တည်းမှာတောင် ပါသူပါ၊ ကျန်သူကျန်ခဲ့၊ သေ သူတွေ ပါလိုပါ၊ ရှင်သူတွေပြုတ်ကျလိုကျနဲ့ ဖြစ်ချင် ရာဖြစ်ခဲ့တော့ မယုံကြည်နိုင်ဖြစ်ကြတာ မဆန်း ဘူးပေါ့ခင်ဗျာ။ ယုံနိုင်စရာတွေကများ သံသယ တွေပွားသထက်ပွားဖို့ ဖြစ်နေတာတွေ ကိုလည်း ဒီအမှားတွေအတွက် အရေးယူသံလည်း မကြားရ၊ ဒါဟာကျွန်တော်တို့တာဝန်ပဲလို့ တာဝန်ခံမှု၊ တာဝန်ယူမှုလည်းမရှိ။ ခင်ဗျားတို့တာဝန်ပဲ၊ အားလုံးဝိုင်းလုပ်ရမှာပဲ၊ ပြည်သူမှာ တာဝန်ရှိတယ်၊ မီဒီယာမှာ တာဝန်ရှိတယ် ဆိုတာမျိုးတွေပဲ ကြားခဲ့ရတာလည်း အတော် စိတ်ပျက်စရာပါပဲ။ ဘာပဲဖြစ်ဖြစ် အတိုက်အခံနဲ့ ဒီမိုကရေစီအင်အားစုများကတော့ အကောင်းဆုံး ထင်တာကို ၀ိုင်းလုပ်ကြတာ မြင်ရပါတယ်။
အမှန်တော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ရွေးကော်တွေကို မရိုးမသားဖြစ်စေ၊ ရိုးရိုးသားသား မတော်တဆဖြစ်စေ ဘယ်လိုမှဘေး မချော်အောင် ၀ိုင်းထိန်းပေးကြ၊ ကူညီပေးကြရမှာပါ။ ဒီလိုကူညီပေးတာကို တချို့ရွေးကော်များကဆို ၀မ်းမြောက်ဝမ်းသာ ကြိဆိုကြ၊ ပူးပေါင်းဆောင်ရွက်ပေးကြတာလည်း ရှိပါတယ်။ ကော်မရှင်တွေမှာလည်း လုပ်ရတာက အတော်အခက်အခဲရှိတဲ့ အကြောင်း ကော်မရှင်အဖွဲ့ဝင် တစ်ယောက် က ပြောတာကိုလည်း ကြားရပါတယ်။ ဥပမာ ကွန်ပျူတာဆော့ဖ်ဝဲနဲ့ မဲစာရင်းကို ပြုစုရာမှာ အမေနာမည်ဆိုတာကလည်း ပါသတဲ့။ တကယ်တမ်းကျတော့ မှတ်ပုံတင်မှာရော၊ သန်းခေါင်စာရင်းမှာပါ အမေနာမည်ဆိုတာက မရှိပါဘူး။ ဒီတော့ အမေနာမည်ကို မသိလို့ မထည့်ဘဲထားရင် ဆော့ဖ်ဝဲက ရှေ့ဆက်လို့ မရတော့ဘူးတဲ့။ ဒီတော့ အရှေ့ကလူရဲ့ အမေနာမည်ကို ကော်ပီကူးထည့်လိုက်တော့မှ ဆက်ထည့်လို့ရပါသတဲ့။ ဒီတော့ ရပ်ကွက်တစ်ခုတည်းမှာ ဒေါ်မြရဲ့သားတွေ သမီးတွေ၊ ဒေါ်အေးရဲ့ သားတွေသမီးတွေချည်း ဖြစ်နေတာပါတဲ့ ခင်ဗျာ။ (ကဲ၊ မြန်မာပြည်ရောက်ရင် မှန်လှချည့်ဆိုတဲ့ ကွန်ပျူတာတောင် နာမည်ပျက်ပါတယ်ဆို)။
ဒီတော့ ကျွန်တော်တို့ရဲ့ ကော်မရှင်ကြီးဟာ အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုလည်းမရှိ၊ ကျွမ်းကျင်နားလည်မှုလည်း အားနည်း၊ စစ်ဆေးစိစစ်မှုလည်း အချိန်ယူ လုပ်တတ်ကြပုံမရ ဖြစ်နေတာကိုတော့ တစ်ဆင့်ပြီးတစ်ဆင့်မြင် နေကြရပါပြီ။
သို့ပါသော်လည်း ကျွန်တော်တို့အပေါ် စေတနာတွေ မေတ္တာတွေ ဒလဟောနဲ့ အမှန်အကန် လုပ်ကိုင်ပေးချင်စိတ်လည်းရှိ၊ ခြင်္သေ့လူ၊ ခမောက်လူ၊ ဒေါင်းလူတွေကြားမှာ ငါကဖြင့် “ကျားလူ” အဲလေ၊ ငါကဖြင့် “ကြားလူ”လို့ လက်မထောင်ပြချင်တဲ့ တည်ကြည် သမာဓိကလေးလည်းရှိမယ်ဆိုရင်တောင် “ဘေးမချော်တဲ့ ရွေးကော်” အဖြစ် သမိုင်းမှတ်တမ်းကောင်း ၀င်နိုင်ပါသေးကြောင်း (အချင်းချင်း မျက်စိတစ်ဖက်မှိတ်ပြရင်း) လက်တို့သတိပေးလိုက်ပါရစေခင်ဗျား။
ရီနေနိုင်
The Ladies News Journal

Post a Comment

 
Top