ရှေ့ပြေးမဲဆန္ဒရှင်စာရင်းတွင် အမည်ပါပြီးသူအချို့ နောက်ဆုံး အကြိမ်ထုတ်ပြန်သော မဲစာရင်း၌ အမည်မပါလာတော့သော အဖြစ် က မျှော်လင့်ချက်များစွာဖြင့် မဲပေးရန် စီစဉ်နေသော ပြည်သူများကို တုန်လှုပ်သွားစေခဲ့သည်။ ထို့အပြင် အကြီးအကျယ်လည်း စိတ်ပျက်စေခဲ့သည်။
အချက်အလက်များ မှားယွင်းလျှင် နောက်ဆုံးအကြိမ် ပြင်ဆင် ခွင့်ရှိသော မဲစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၄ တွင် ထုတ်ပြန်ခဲ့သည်။ ယခင်မဲစာရင်းတွင် ပါထားသူအချို့မပါတော့ခြင်း၊ ယခင်မဲစာရင်းတွင် မပါ၍ လျှောက် ထားသူအချို့ ပါမလာသေးခြင်း၊ ယခင် အချက်အလက်မှန်နေသူ အချို့ ယခုအကြိမ်တွင် အချက်အလက်မှားနေခြင်း စသော ပြဿနာ များကို နောက်ဆုံးထုတ်ပြန်သော မဲစာရင်း၌ ကြုံနေရခြင်း ဖြစ်သည်။
ထို့အပြင် အမည်စာရင်းဖော်ပြသောပုံစံမှာ ယခင်က လမ်းအ လိုက် အိမ်အမှတ်အစဉ်အတိုင်း ဖော်ပြရာမှ ယခုအကြိမ်တွင် ရပ်ကွက်အတွင်းရှိ လမ်းပေါင်းစုံမှ အိမ်အမှတ်တူရာချင်း စု၍ဖော်ပြလိုက်သောအခါ အမည်ရှာဖွေရခက်ခဲသွားသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နာမည်တူရာချင်းစုပြီး အစဉ်အတိုင်း ဖော်ပြရန် ညွှန်ကြားသည်ဆိုသော်လည်း နယ်မြို့များတွင် အမည်စာရင်းကိုအက္ခရာစဉ်အလိုက် ဖော်ပြသောအခါ တစ်မိသားစုတည်းမှ အမည်များအတူမရှိတော့ဘဲ ကွဲသွား၍ ရှာဖွေရခက်ပြီး ဝေဖန်မှုများထွက် ပေါ်နေသည်။
စက်တင်ဘာ ၂၇ ရက်ကျော်တွင် မဲစာရင်းပြင်ဆင်ခွင့်မရှိတော့ ဘဲ၊ အချက်အလက်မှား၍ (သို့မဟုတ်) အမည်မပါ၍ ပြန်လည် လျှောက်ထားပါကလည်း ကော်မရှင်က စိစစ်ပြီး မဲပေးခွင့်ရ၊ မရဆိုသည် မှာ ပြည်သူအများစုအတွက် စိုးရိမ်စရာဖြစ်လာသည်။ ထို့အပြင် အချက် အလက်မှန်နေသူများပင် ပြန်မှားသွားခြင်း၊ အမည်ပါထားသူများမပါ တော့သည့် သာဓကတို့ကြောင့် မိမိတို့၏အမည်များမှာ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုမှ ထုတ်ပြန်မည့် မဲပေးခွင့်ရသူများ စာရင်းတွင် ပါလာရန် ဆုတောင်းရမည့် သဘောဖြစ်နေသည်။
အမှန်တွင်တော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် အနည်းဆုံးသုံးနှစ်ကျော် ရရှိထား သည်။ အချိန်များစွာရရှိထားသလို ရွေးကောက်ပွဲအတွက် နိုင်ငံတော်မှ အသုံးစရိတ်နှင့် နိုင်ငံတကာမှ အကူအညီများစွာလည်း ရရှိထားသည်။ ထိုအခြေအနေတွင် ယခုကဲ့သို့ မဲစာရင်းအချက်အလက်များ မှားယွင်းနေမှုမှာ လက်ခံနိုင်စရာမရှိသော အခြေအနေပင် ဖြစ်သည်။ သို့သော် ကော်မရှင်၏ စီမံခန့်ခွဲမှုအားနည်းမှုများကြောင့် ပြည်သူများအနေဖြင့် ပါတီအရွေးမမှားရန် ဦးနှောက်စားရမည့်အချိန်တွင် မဲစာရင်း၌ အမည်ပါရေးအတွက် ဦးနှောက်စားနေရပြီဖြစ်သည်။
ထို့အပြင် မဲစာရင်းမှားယွင်းမှုများ မပြင်ဆင်နိုင်ပါက လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ မည်သို့မျှ မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် လက်ကျန်ရက်ပေါင်း ၅၁ ရက်တွင် မဲစာရင်းမှန်ကန်ရေး၊ မဲပေးခွင့်ရှိသော ပြည်သူအားလုံး မဲစာရင်းတွင် ပါဝင်လာရေးအတွက် ရွေးကောက်ပွဲကော်မရှင်က အဓိက တာဝန်ယူဆောင်ရွက်ရပါမည်။ အထူးသဖြင့် မဲပေးခွင့်ရှိလျက် အချက်အလက်မှား၍၊ အမည်မပါ၍ လျှောက်ထားသူများအားလုံးကို အချိန်မီ အမှန်ပြင်ဆင်ပေးနိုင်ရန်၊ မှန်နေပြီးသူများ မမှားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အာမခံနိုင်ရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်ပါစေ ပြည်သူများကလည်း မဲပေးခွင့်မဆုံးရှုံးစေရန် မဲစာရင်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အချက်အလက်မှားလျှင်၊ အမည်မပါလျှင် ပြန်လျှောက်ထားကြရန်လိုပါသည်။ အမည်ပါထားသူများလည်း မဖြစ်မနေ သွားကြည့်ရန် တိုက်တွန်းပါသည်။
အယ်ဒီတာ့ အာဘော်
Post a Comment