စေတီဟောင်းများအား စက်ယန္တရားဖြင့် ရှင်းလင်းသည်ကို သာသနာညှိုးနွမ်းစေမှုမြောက်၍ တရားစွဲဆိုလျှင် လက်ပံတောင်းတောင် လယ်တီသိမ်အား စက်ယန္တရားဖြင့် ဖြိုဖျက်ခဲ့မှုကို သာသနာညှိုးနွမ်းစေမှုဖြင့် မည်သူတစ်ဦးတစ်ယောက်က တရားစွဲဆိုခဲ့သလဲဟု ရေပူဆရာတော်က စက်တင်ဘာ ၉ ရက်က သစ်မှုနှင့် သာသနာညှိုးနွမ်းစေမှု ရုံးချိန်း၌ မေးခွန်းထုတ် ပြောကြားခဲ့သည်။
ရေပူဆရာတော်နှင့် အရပ်သားလေးဦး၏ ရုံးထုတ်ကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ပြုလုပ်ခဲ့ပြီး သစ်စုပုံထားမှု၊ သာသနာညှိုးနွမ်းစေမှုနှင့် ပတ်သက်၍ စစ်ဆေးရာ တရားလိုပြ သက်သေအဖြစ် ဦးထွန်းရွှေ (မိုးကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ)၊ ဦးထွန်းထွန်းလတ် (စည်ပင်ဦးစီး အရာရှိ)နှင့် ဦးဖေစိန် (စေတီဖြိုဖျက်မှုနှင့် အမှုဖွင့်တိုင်ကြားသူ)တို့အား နှစ်ဖက်ရှေ့နေများမှ အပြန်အလှန် စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။
စေတီဖြိုဖျက်မှုနှင့် တိုင်ကြားသူ ဦးဖေစိန်အား ရေပူဆရာတော်၏ အကျိုးတော်ဆောင်ရှေ့နေ ဦးသိန်းသန်းဦးက မည်သည့်အကြောင်းဖြင့် ဆရာတော်အား တရားစွဲခဲ့သနည်း၊ စေတီဟောင်းများ၏ အလှူရှင်ဖြစ်သည်ကို မည်သို့ သိရှိသနည်းဟု မေးခွန်းများ မေးခဲ့ရာတွင် ဦးဖေစိန်က “စေတီဟောင်းတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ လောက်ကပါ။ မည်သူက ကမ္ပည်းထိုးလှူ ဒါန်းခဲ့တာကို မသိပါဘူး။ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်း ပြောခဲ့တဲ့အတွက် ကျနော်တို့နဲ့ သက်ဆိုင်တယ်လို့ သိရပါတယ်။ စေတီဟောင်းတွေကို စက်ယန္တရားနဲ့ ဖြိုဖျက်လို့ တခြားဘာသာဝင်တွေ အနေနဲ့ ကြည့်ရင် မကောင်းတဲ့အတွက် အခုလို အမှုဖွင့် တိုင်ကြားခဲ့တာပါ” ဟု မြို့နယ်တရားရုံးတွင် ထွက်ဆိုခဲ့သည်။
ယင်းကဲ့သို့ ထွက်ဆိုခဲ့မှုအပေါ် ရှေ့နေဦးသိန်းသန်းဦးက လက်ပံတောင်းတောင် သိမ်စေတီတွေကို စက်ယန္တရားများနှင့် ဖြိုဖျက်ရွှေ့ပြောင်းခဲ့သည်မှာ သာသနာညှိုးနွမ်းစေမှု မြောက်ပါသလားဟု ဦးဖေစိန်အား မေးမြန်းရာ ၎င်းက လယ်တီသိမ် ဖြိုဖျက်မှုမှာလည်း သာသနာညိုးနွမ်းစေပါသည်ဟု ပြန်လည်ထွက်ဆိုခဲ့ပါသည်။
တရားလိုသက်သေ၏ ထွက်ဆိုချက်နှင့် ပတ်သက်၍ ရေပူဆရာတော်က “ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ စေတီတွေကို ရှင်းလင်းရေးလုပ်တာ ဖြစ်ပါတယ်။ စေတီအဟောင်းတွေကို စက်ယန္တရားနဲ့ ရှင်းလင်းလို့ သာသနာညိုးနွမ်းစေမှုနဲ့ တရားစွဲမယ်ဆိုရင် လက်ပံတောင်းတောင်မှာရှိတဲ့ လယ်တီသိမ်နဲ့ စေတီတွေကို ဘူဒိုဇာနဲ့ထိုးပြီး ရွှေ့ပြောင်းတဲ့သူတွေကိုကျ ဘယ်သူက သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲမလဲ” ဟု တရားရုံးမှ အထွက်တွင် ပြောကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်းဆရာတော်အား တရားမ၀င် ကျောက်မျက်တူးဖော်ခြင်းနှင့် သစ်စုပုံထားခြင်း အပါအ၀င် စေတီများဖြိုဖျက်မှုဖြင့် ဇွန် ၉ ရက် ညပိုင်းက လူဝတ်လဲ၍ ၀င်ရောက်ဖမ်းဆီးခဲ့ပြီး စေတီများ ဖြိုဖျက်မှုနှင့် ပတ်သက်၍ (ပ)၆၄/၂၀၁၅ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် လည်းကောင်း၊ မြေစာများအား ရေပိုက်များဖြင့် ထိုးပက်မှုကို (ပ)၆၃/၂၀၁၅ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က) (ခ)အရ လည်းကောင်း၊ သစ်စုပုံထားခြင်းနှင့် ပတ်သက်၍ သစ်တောပုဒ်မ ၄၂ (ခ) ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။
ရေပူကျောင်း ဆရာတော်ကို ဇွန် ၂၃ ရက် နံနက်ပိုင်းက မိုးကုတ်မြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်မှု ပြုလုပ်ခဲ့ရာ ဒုတိယအကြိမ် ရုံးထုတ်မှုကို ဇူလိုင် ၇ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးသို့ စတင်ပြောင်းရွှေ့ ရုံးထုတ်ခဲ့ပြီး ယင်းနောက် ကျောက်မျက်ဥပဒေနှင့် ပတ်သက်၍ ပြင်ဦးလွင်ခရိုင် တရားရုံးတွင် လည်းကောင်း၊ သစ်စုပုံထားခြင်းနှင့် သာသနာညှိုးနွမ်းစေမှုတို့ကို ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် လည်းကောင်း နှစ်ရုံးခွဲကာ ရုံးထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကျောက်မျက်မှုနှင့် ပတ်သက်၍ လာမည့် စက်တင်ဘာ ၁၄ ရက်တွင် ရုံးထုတ်သွားမည်ဖြစ်ပြီး သစ်မှုနှင့် သာသနာညှိုးနွမ်းစေမှုကို စက်တင်ဘာ ၁၆ ရက်တွင် ထပ်မံရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယခင်က ရေပူကျောင်းဆရာတော်ကို မိုးကုတ်မြို့တောင်ကချင်ရပ်ရှိ အချုပ်ထောင်တွင် ထားရှိရာမှ ဇူလိုင် ၂ ရက်တွင် ပြင်ဦးလွင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဇူလိုင် ၇ ရက်မှ စတင်ကာ ယနေ့အချိန်ထိ မန္တလေး အိုးဘိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ထားရှိကြောင်း သိရသည်။

Writer:
အောင်သူ
http://news-eleven.com/
Post a Comment