0


တရုတ်ခွဲစိပ်ဆရာဝန် ရန်လျောက်ပင်းဆိုသူ နှင့် အီတလီဆရာဝန် ဆာဂျီရိုကာနာဗားရိုး ဆိုသူတို့ ပူးပေါင်း၍ ကမ္ဘာ့ပထမဆုံး ဦးခေါင်းအစားထိုး ခွဲစိပ်ကုသမှုတခု လုပ်ဆာင်ရန် ပြင်ဆင်နေသည်။ ဆိုးရွားသော မျိုးရိုးဗီဇမူမမှန်သည့် ရောဂါတမျိုးခံစားနေရသော ရုရှားလူမျိုး စပီရီဒိုနော့ဗ်ကို ဦးခေါင်းအစားထိုးကုသရန် ပြင်ဆင်နေကြခြင်းဖြစ်ပြီး ၎င်းခွဲစိပ်ကုသမှုကို တရုတ်နိုင်ငံ ဟာဘင်ဆေးတက္ကသိုလ်၌ ၂၀၁၇ ခုနှစ်တွင် ပြုလုပ်နိုင်မည်ဟု မျှော်မှန်းလျက်ရှိသည်။
၎င်းခွဲစိပ်ကုသမှုသည် လက်ရှိ ကုစား၍မရနိုင်သည့် ရောဂါအခြေအနေများကို ပျောက်ကင်းအောင်ကုစားပေးနိုင်မည်ဖြစ်ပြီး ဆေးပညာသမိုင်း၏ လမ်းကြောင်း တဆစ်ချိုးဖြစ်လာမည်ဟု ဒေါက်တာ ကာနာဗာရိုးက ပြောသည်။ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းတွင် ပြုလုပ်သော သိပ္ဗံညီလာခံတွင် အဆိုပါ ဦးခေါင်းအစားထိုး ခွဲစိပ်ကုသမှုအစီအစဉ်ကို ဒေါက်တာ ကာနာဗာရိုးက ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အင်မတန်ကောင်းမွန်တဲ့ အစီအစဉ် ရေးဆွဲနိုင်စွမ်းနဲ့ အသင်းအဖွဲ့လိုက် စုစည်းလုပ်ဆောင်နိုင်စွမ်းတွေကြောင့် တရုတ်နိုင်ငံဟာ ဒီ ဦးခေါင်းအစားထိုး ခွဲစိပ်မှုလုပ်ဖို့ အကောင်းဆုံးနေရာဖြစ်တယ်”ဟု ၎င်းကပြောသည်။ ဦးခေါင်းအစားထိုး ခွဲစိပ်မှုသည် အငြင်းပွားဖွယ်ရာ ကိစ္စရပ် များစွာရှိနေသောလည်း ၎င်းတို့အနေနှင့် နောက်ဆုတ်မည်မဟုတ်ဟု ဆိုသည်။
ဦးခေါင်းအစားထိုး ကုသမှုကို ခံယူမည့် အသက် ၃၀ အရွယ် ကွန်ပျုတာသိပ္ဗံပညာရှင် စပီရီဒိုနော့ဗ်သည် အဆိုပါဆရာဝန်များအနေနှင့် ၎င်း၏ဦးခေါင်းကို ဖြတ်၍ ခန္ဓာကိုယ်အသစ်တွင် အောင်မြင်စွာ တပ်ဆင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်သည်။
“ဒါဟာ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ပါ။ စိတ်ပြောင်းစရာအကြောင်းမရှိဘူး”ဟု ၎င်းက ပြောသည်။
ရှားပါး မျိုးဗီဇဆိုင်ရာရောဂါကို တသက်တာလုံးခံစားခဲ့ရသူ စပီရီဒိုနော့ဗ်က ၎င်းမသေဆုံးမီ ခန္ဓာကိုယ်အသစ်တခုလိုချင်သည်ဟု ဆိုသည်။
ဟာဘင်တက္ကသိုလ်မှ ဒေါက်တာရန်သည် ၂၀၁၃ မှစ၍ ဦးခေါင်းအစားထိုး ခွဲစိပ်မှုကို ကြွက်ကောင်ရေ ၁၀၀၀ ခန့်ဖြင့် စမ်းသပ်ခဲ့ပြီး ယခုနှစ်အတွင်း မျောက်နှင့် စမ်းသပ်ရန် စီစဉ်နေသည်။ ကြွက်များဖြင့်စမ်းသပ်ရာတွင် ခန္ဓာသစ်နှင့် ဦးခေါင်းသစ် တခုကတခုကို လက်မခံခြင်းအား အောင်မြင်စွာ တားဆီးနိုင်ခဲ့ပြီး ခွဲစိပ်ပြီး ကြွက်သည် ၁ ရက်တာ အသက်ရှင် နိုင်သည်ဟု ဆိုသည်။
လူဦးခေါင်းအစားထိုးကုသမှုအတွက် ဦးနှောက်သေပြီး ခန္ဓာကိုယ်ကျန်းမာသန်စွမ်းသူထံမှ ခန္ဓာကိုယ်ကို တောင်းခံမည်ဖြစ်ပြီး လှူဒါန်းသူရော လက်ခံသူ ၂ ဦးစလုံး၏ဦးခေါင်းကို ကျောရိုးနာဗ်ကြော (spinal cord) နေရာမှ တချိန်တည်းတွင် ဖြတ်ယူမည်ဖြစ်ပြီး ဒေါက်တာ ကာနာဗားရိုး၏အဆိုရ ပဉ္စလက်ပစ္စည်းခေါ် အထူးကော်တမျိုးဖြင့် လူနာ၏ဦးခေါင်းကို အလှူရှင်၏ခန္ဓာကိုယ်ပေါ်တင်၍ နာဗ်ကြော ၂ ခုကို ပြန်ဆက်မည် ဖြစ်သည်။
ပြန်ဆက်ပြီးနောက် ခန္ဓာကိုယ်လှုပ်ရှားမှုမရှိစေရန် လူနာကို ကိုမားအခြေအနေတွင် လေးပတ်ကြာ နေစေမည်၊ လူနာပြန်လည် နိုးထလာသောအခါ လှုပ်ရှားမှုပြုနိုင်မည်ဖြစ်ပြီး နဂိုအသံအတိုင်း စကားပင်ပြောနိုင်မည်ဟု ဆိုသည်။
ပီကင်းတက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာကျင့်ဝတ် ကျွမ်းကျင်သူ ၀မ်ယီဖမ်းက “တကယ်ဖြစ်နိုင်တယ်ဆိုဦးတော့ ခန္ဓာကိုယ်အလှူရှင်ရဲ့ အတွင်းကလီစာတွေက တယောက်ထက်ပိုတဲ့အသက်တွေကို ကယ်တင်နိုင်မှာပါ။ အခုဟာက လူတယောက်ရဲ့အသက်ကိုပဲ ကယ်တင်နိုင်မှာပေါ့”ဟု ဆိုသည်။
“ဒီလိုခွဲစိပ်မှုမျိုး မလုပ်ကြပါစေနဲ့လို့ ဆုတောင်တယ်။ ကျွန်တော်ဆိုရင်တော့ ဒီကိစ္စကို ခွင့်ပြုမှာမဟုတ်ဘူး။ တကယ်တမ်းတော့ ဘ၀မှာ သေခြင်းထက်ဆိုရွားတဲ့ ကိစ္စရပ်တွေ အများကြီး”ဟု အမေရိကန် ဦးနောက်အာရုံကြော ခွဲစိပ်ဆရာဝန်များအဖွဲ့မှ ဒေါက်တာ ဟန့်ဘတ်ဂျာ က ပြောသည်။
Ref;DailyMail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Post a Comment

 
Top