နိုင်ငံရပ်ခြားမှာတော့ ဆယ်စုနှစ်နဲ့ချီပြီး တွင်ကျယ်နေခဲ့ပေမယ့် မြန်မာပြည်မှာတော့ ကုန်ခဲ့တဲ့ သုံးလေးနှစ်ကမှ FM ရေဒီယို ထုတ်လွှင့်ခွင့်ကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ခွင့်ပြုတယ်။
ထုံးစံအတိုင်း Broadcasting Law လို အရုပ်အသံလွှင့် မီဒီယာတွေနဲ့ ပတ်သက်တဲ့ ဥပဒေ ကျကျနနမရှိဘဲ အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် လက်ဆယ်ချောင်း မပြည့်တစ်ပြည့်လောက်ကိုပဲ လုပ်ခွင့်ပြုခဲ့တယ်။
မြန်မာပြည်မှာလည်း သိတဲ့အတိုင်းပဲ ရာစုနှစ်ဝက်လောက် ဝါဒဖြန့် မီဒီယာနဲ့ပဲ ယဉ်ပါးလာခဲ့တော့ လူတစ်စုပဲ ခွင့်ပြုထားတဲ့ ပုဂ္ဂလိက FM ရေဒီယို အစီအစဉ်တွေကို နားထောင်သူဦးရေ တစ်ရှိန်ထိုး တက်သွားခဲ့တယ်။
ဒီနေရာမှာ ပြောစရာရှိတာက အစိုးရအာဘော် မြန်မာ့အသံရေဒီယိုဆိုတာ ဝါဒဖြန့်မီဒီယာ ဆိုပေမယ့် အစီအစဉ်တချို့နဲ့ တင်ဆက်မှုတွေ၊ အပြောအဆိုတွေက စိတ်ဝင်စားစရာတွေ၊ ပညာရစရာတွေ ရှိခဲ့တဲ့အပြင် မြန်မာစာ၊ မြန်မာစကား၊ မြန်မာသံမှာလည်း အတော်ကလေး ပီသမှန်ကန်အောင်၊ ဌာန်ကရိုဏ်းကျအောင် ပြောဆိုနိုင်တာ တွေ့ရတယ်။
ဒီဘက်ခေတ် ဖျော်ဖြေရေး အစီအစဉ်တွေ များလွန်းတဲ့ FM ရေဒီယိုတွေ နားထောင်တဲ့အခါ မြန်မာစကား၊ မြန်မာသံကို ပီပီသသ မပြောနိုင်တော့တဲ့အပြင် အမျိုးသား သတင်းကြေညာသူ၊ အစီအစဉ်တင်ဆက်သူ တချို့ဆို ယောက်ျား ပီပီသသ ခံ့ခံ့ညားညား မဟုတ်တော့ဘဲ နွဲ့တဲ့တဲ့ ခရာတာတာ ဖြစ်နေတယ်။
တော်တော်များများကတော့ စလုံးသံနဲ့ ဆလိမ်သံ မပီတာ၊ တယ်လီဖုန်းဆက်ပြီး သီချင်းတောင်းတဲ့သူတွေကို ပြန်ပြောတဲ့လေသံက အပေါ်စီးဆန်နေတာ၊ အစီအစဉ် တင်ဆက်သူတွေက မလိုအပ်ဘဲ ရယ်သံတွေ များနေတာ၊ ကျင့်ဝတ်အားနည်းတဲ့ ကြော်ငြာတွေကို မစိစစ်ဘဲ ထုတ်လွှင့်ပေးနေတာ (ဒါကတော့ ပြန်ကြားရေးရဲ့ ဥပဒေ အားနည်းတာလည်း ပါမှာပေါ့)၊ သီချင်းတွေရဲ့ မူလပထမ သီဆိုသူတွေကို မသိဘဲ နောက်ဆုံးပြန်ဆိုထားသူတွေလောက်ပဲ သိတော့တာ စတဲ့ အချက်တွေ သိသိသာသာ တွေ့ရတယ်။
တကယ်တော့ သတင်းမီဒီယာတွေ ဆိုတာ ပြည်သူတွေအတွက် သိပ်ကိုအရေးကြီးတဲ့ နေရာမှာ ရှိနေတဲ့အတွက် တာဝန်လည်း သိပ်ကြီးတယ်။ ဟိုတုန်းကဆိုရင် မြန်မာစာလုံးပေါင်း သတ်ပုံတစ်ခု ဇဝေဇဝါ ဖြစ်နေရင် မြန်မာစာစာလုံးပေါင်း သတ်ပုံကျမ်းကို လိုက်ရှာနေစရာ မလိုဘဲ သတင်းစာကို ကောက်လှန်ပြီး တိုက်ကြည့်တဲ့အထိ သတင်းစာတွေအပေါ်မှာ မြန်မာစာနဲ့ ပတ်သက်ပြီး ယုံကြည်မှု ရှိကြတယ်။ အသံထွက်မှန် မမှန်ကိုလည်း ရေဒီယို သတင်းကြေညာသူနဲ့ အစီအစဉ် တင်ဆက်သူတွေနဲ့ တိုက်ကြည့်တာမျိုးတောင် ရှိခဲ့တယ်။
ဒီနေ့ FM ရေဒီယိုတွေရဲ့ လက်ရှိ သတင်းတင်ဆက်ပုံ၊ စကားပြောဟန်၊ လေယူလေသိမ်း၊ အသံထွက်တွေက ပရော်ဖက်ရှင်နယ်အဆင့် ရောက်ဖို့ အများကြီး လေ့လာသင်ယူရဦးမယ့် အပြင် မြန်မာ့ရိုးရာ ဆွေစဉ်မျိုးဆက်၊ ဆွေမျိုးသားချင်း အခေါ်အဝေါ်၊ အသုံးအနှုန်းတွေကိုလည်း မှန်အောင်၊ စံနှုန်းညီအောင် လုပ်ဖို့ လိုနေသေးတယ်။
ဥပမာပြောရရင် အရင်က ပုံပြင်ပြောတဲ့ အစီအစဉ် တင်ဆက်သူက သူ့ကိုယ်သူ တရားဝင် မြန်မာအခေါ်အဝေါ် ‘ဒေါ်လေး’ လို့ သုံးနှုန်းပြီး ‘မောင်၊ ညီမလေးတို့ရေ ...’ လို့ သူ့ပရိသတ်ကို ရည်ညွှန်းတယ်။ ဒီနေ့ FM အစီအစဉ်တွေမှာတော့ ပုံပြောပြတဲ့သူက သူ့ကိုသူ ‘တီတီ’ ဆိုတဲ့ အင်္ဂလိပ်လို အန်တီ Aunty ကို အဖျားဆွတ်ပြီး သုံးလာပြီး ‘သမီးတို့ သားတို့ရေ...’ လို့ ကလေးပရိသတ်ကို ခေါ်တယ်။ ဒါက တော်တော်ကြီးမားတဲ့ ကွာဟချက်လို့ ပြောရမယ်။
မြန်မာလို ထုတ်လွှင့်တဲ့ မီဒီယာဆိုတာ မီဒီယာတစ်ခုချင်းစီအလိုက် Housestyle လို့ခေါ်တဲ့ ကိုယ်ပိုင်ဟန်နဲ့ Code of Practice လို့ခေါ်တဲ့ သတင်းလုပ်ငန်း လက်တွေ့ဆောင်ရွက်ဖို့ တိကျခိုင်မာတဲ့ အသေးစိတ် လမ်းညွှန်ချက် ရှိရမှာ ဖြစ်သလို တရားဝင် မြန်မာစကား၊ အသုံးအနှုန်းတွေကိုလည်း ပစ်ပယ်လို့ မရဘူး။
အခုတော့ FM အစီအစဉ်တွေ နားထောင်ရတာ ဘာနဲ့တူသလဲဆိုတော့ ဆရာကြီးရွှေဥဒေါင်း စကားနဲ့ ပြောရရင် သဲဖြူးထားတဲ့ သမံတလင်းကို ဒန်အိုးဖင်နဲ့ ပွတ်ဆွဲနေတဲ့ အသံကို နားထောင်နေရသလိုပဲ အတော်နားကြား ပြင်းကပ်စရာ ဖြစ်နေတယ်။
ပြောချင်တာက အကန့်အသတ်နဲ့ လူတစ်စုပဲ လုပ်ခွင့်ရတဲ့အတွက် ပေါ့ပေါ့တန်တန် သဘောထားပြီး ပရိသတ်အပေါ် မလေးမစား လုပ်သလို ဖြစ်နေတဲ့အပြင် မြန်မာစာ၊ မြန်မာစကား၊ မြန်မာအသံထွက်တွေကို ဖျက်ဆီးတဲ့သူတွေအဖြစ် သမိုင်းမှာ မှတ်တမ်းအတင်မခံရအောင် လိုအပ်တာတွေ ပြုပြင်ထားဖို့လိုမယ်လို့ သတိပေး အကြံပြုလိုရင်း ဖြစ်တယ်။
အယ်ဒီတာ (၅-၉-၂၀၁၅)
---------------------------
Editor's Word, The Voice Daily Vol-3/No-129 (#voiceeditorial)
Editor's Word, The Voice Daily Vol-3/No-129 (#voiceeditorial)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.