0


ပြည်ထောင်စုဝန်ကြီး တစ်ဦးဖြစ်သော သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ၀င်ရောက်ယှဉ် ပြိုင်မည့် ကယားပြည်နယ် ဘောလခဲမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများမှာ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများအား နားမလည်သည့်အပြင် မဲပေးမည့်ကတ်ပြားပုံစံများအား တွေ့မြင်ဖူးခြင်းပင်မရှိသေးကြောင်း ဘောလခဲမြို့နယ်သို့သွားရောက် မဲဆွယ်ဟောပြောခဲ့ကြသော နိုင်ငံရေးပါတီများထံမှ သိရသည် ။
 
“ ကျွန်တော်တို့ စောလုံ ၊ ဟော်ခမ်း၊ လွယ်ဝိုင်း စတဲ့ရွာတွေသွားတုန်းကတော့ အဓိကရည်ရွယ်ချက်က ကိုယ့်ပါတီ စည်းရုံးရေးပေါ့ဗျာ။ ဟိုရောက်တော့ ရွေးကောက်ပွဲဆိုတာ ဘာလဲလို့မေးတာခံရတယ် ။ ဘာလို့လုပ်တာလဲလို့လည်း မေးသေးတယ်။ တကယ့်ကို မသိတာနော်။ ဒါနဲ့ရှင်းပြရတာပေါ့ ။ နောက်တော့ မဲထည့်တဲ့ပုံစံ မြင်ဖူးလားမေးတော့ မမြင်ဖူးဘူးတဲ့ ။ အရင် ၂၀၁၀ က မမြင်ဖူးဘူးလားဆိုတော့။ ငါတို့ရွာတွေက ကြိုတင်မဲနဲ့ ပြီးသွားတာလေတဲ့။ ဘယ်လိုလုပ် မြင်ဖူးမှာလဲတဲ့။ ဒီတော့ မဲကို ဘယ်လိုထည့်ရတယ် ။ ဘယ်လိုဆိုမှားတယ်ဆိုတာ ပုံစံနဲ့တော်တော်လေးရှင်းယူရတယ်။ ဒီရွာတွေကို ပညာပေး နောက်ထပ်လုပ်ပေးဖို့ လိုသေးတယ်”ဟု ကယားလူမျိုးစု ဒီမိုကရေစီပါတီမှ ဒုဥက္ကဋ္ဌ ဦးညွှန့်ရွှေက ပြောကြားသည် ။
 
ထို့ပြင့် ဘောလခဲမြို့နယ် ကျေးရွာများတွင်သာမက ဘောလခဲမြို့ပေါ်တွင်လည်း မဲပေးမည့် ပုံစံများအား နားမလည်သည့်သူများ စွာတွေ့ရကြောင်း သိရသည်။
 
 ယခုအချိန်သည် ဘောလခဲမြို့နယ်၏ အဓိက စိုက်ပျိုးသီးနှံဖြစ်သည့် နှမ်းသိမ်းသည့် ရာသီဖြစ်၍ မအားလပ်သည့်သူ များသောကြောင့်  တစ်အိမ်တက်ဆင်း သွားရောက်ပညာပေး ဆွေးနွေးမှုလုပ်ပေးနေရကြောင်းလည်း သိရသည်။
 
“ထင်ထားတာထက် ပိုပင်ပန်းတယ်ဗျ။  ငွေလည်း ပိုသုံးရတယ်။ ကျွန်တော်တို့က ပိုက်ဆံလည်း အားနည်းတော့ လုပ်ချင်သလောက် မလုပ်နိုင်ဘူးဗျာ။ နီးလာရင် တစ်ခေါက်မဖြစ် ဖြစ်အောင်သွားရဦးမယ်။ အခုက ကိုယ့်ပါတီ အနိုင်ရဖို့ထက် မဲလိမ်၊ မဲခိုးတာတွေ မဖြစ်အောင် လုပ်ပေးနေရတယ်”ဟု ကယားလူမျိုးစု ဒီမိုကရေစီပါတီမှ ဒုဥက္ကဋ္ဌ ဦးညွှန့်ရွှေက ဆက်လက်ပြောကြားသည် ။
 
ထို့ပြင် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်) မှလည်း ဘောလခဲမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ မဲနှင့် ပတ်သက်သည့် ပညာပေးအစီအစဉ်များ ပြုလုပ်ပေးရန် ရည်ရွယ်ထားကြောင်း ၊ ကျေးလက်နေထိုင်သူတို့မှာ မဲကတ်ပြားအား တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသည်ကို သိရှိရကြောင်း ဥက္ကဋ္ဌ ဦးဆော်လမွန်၏ ပြောကြားချက်အရ သိရသည် ။
 
ဘောလခဲမြို့နယ်တွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အမျိုးသားလွှတ်တော် (၉) မဲဆန္ဒနယ်အတွက် တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျေးလက်တောရွာများသို့ သွားရောက်၍ လှူဒါန်းမှုများပြုလုပ်လျက်ရှိနေကြောင်း၊ ဒေသခံ တိုင်းရင်းသားပါတီများအပြင် ကြံ့ခိုင်ရေးပါတီနှင့် NLD လည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
 
“ မဲကို တောကလူတွေ မမြင်ဖူးတာမပြောနဲ့ လေ။ ကျွန်မတို့ ဘောလခဲမြို့ပေါ်က လူတောင်မမြင်ဖူးဘူး။ မဲကိုသွား မထည့်တာ။  ၂၀၁၀ ရွေးကောက်ပွဲတုန်းက အခုလက်ရှိ ပြည်နယ်ဝန်ကြီးချုပ်က ကြံ့ခိုင်ရေးနဲ့ ပြိုင်တာမှာ မဲ ၉၉ ရာနှုန်းနဲ့ နိုင်တယ်လို့ ကြေညာတော့ ရယ်ချင်လိုက်တာ ။ ကျွန်မတို့ ရှမ်းပိုင်းရပ်ကွက်က တော်တော်များများ မဲမှမထည့်ကြတာ၊ အခုလည်း မယုံကြည်နိုင်သေးဘူး။ ဘာတွေလုပ်မလဲ မသိဘူး။ ဦးစိုးသိန်းကလည်း အရင်က သူ့လမ်းညွှန်မှုနဲ့ ရေပေးဝေရေး လုပ်ပါတယ်ဆိုတဲ့ ဆိုင်းဘုတ်ကို ဘောလခဲလမ်း ထောင့်တွေမှာစိုက်ထားတယ်။ ဒေါ်စုလာခါနီးသူ့လူတွေ လာဖျက်လိုက်တယ် ။ ဘာတွေမှန်း မသိတော့ဘူး”ဟု ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက်နေ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
 
ဘောလခဲမြို့မှာ လွိုင်ကော်မြို့နှင့် မိုင် ၅၀ ခန့်သာကွာဝေးသော ခရိုင်မြို့ဖြစ်သော်လည်း ဆက်သွယ်ရေးအနေဖြင့် မြန်မာ့ဆက်သွယ်ရေး၏ ကြိုးဖုန်းနှင့် တယ်လီနောဖုန်းလိုင်းများရရှိနေပြီး အချို့တောရွာများမှာ ဆက်သွယ်ရေးဝန်ဆောင်မှုများ မရရှိသေးသည့် ကျေးရွာများ ရှိနေသေးကြောင်းလည်း သိရသည် ။
 
Writer: 
မခိုင် (လွိုင်ကော်)

http://news-eleven.com/

Post a Comment

 
Top