0

ရန်ကုန်၊ စက်တင်ဘာ ၂၁
မဲစာရင်း ကြည့်ရန်အတွက် ပြည်သူများအနေ ဖြင့် ကိုယ်တိုင်ဝါယမစိုက်ထုတ်ရန် လိုအပ်ကြောင်းနှင့် ၂၀၁၅ ခုနှစ်တွင် NLD အနိုင်ရရှိပါက ဘာသာခြား နိုင်ငံဖြစ်သွားမည်ဟု စည်းရုံးခြင်း များမှာ ဥပဒေကြောင်းရ မကိုက် ညီကြောင်းနှင့် ယင်းကိစ္စအတွက် လုံးဝမစိုးရိမ်ပါနဲ့ဟု စက်တင်ဘာ၂၁ ရက် ညနေ ၅ နာရီက ရန်ကုန်တိုင်း ဒေသကြီး တောင် ပိုင်းခရိုင် ကော့မှူး မြို့နယ် မဆယ်ဆိပ်ကျေးရွာဈေးကွင်း၌ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မဲဆွယ်စည်းရုံးဟော ပြောပွဲတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။
NLD ပါတီဥက္ကဋ္ဌ ဝင်ရောက် ယှဉ်ပြိုင်မည့် ကော့မှူးမြို့နယ်တွင် ပါတီအနေဖြင့် ပထမဆုံးအကြိမ် စည်းရုံးရေးဆင်းခြင်းဖြစ်ပြီး ကော့ မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာတွင် ဟောပြောပွဲလုပ်ရခြင်းမှာ မဆယ် ဆိပ်ကျေးရွာမှပြည်သူများအား ခြိမ်း ခြောက်မှု၊ မက်လုံးပေးစည်းရုံးမှုများ ရှိသောကြောင့် လာရောက်ပြုလုပ် ရခြင်းဖြစ်ကြောင်း ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း ဒေါ်အောင်ဆန်းစု ကြည်က ''အရေးကြီးတာ နံပါတ်(၁) ကတော့ မဲပေးနိုင်ဖို့၊ ကျွန်မတို့ ပြည် သူတွေဟာ ကျွန်မတို့အပေါ်မှာ ဘယ်လိုပဲစေတနာရှိရှိ၊ ဘယ်လိုပဲ စနစ်ကိုပြောင်း ချင်ပြောင်းချင် ရွေး ကောက်ပွဲမှာ မဲပေးနိုင်မှ အပြောင်းအလဲအတွက် ကူညီနိုင်မှာပါ။ အဲဒီ တော့ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ လူတိုင်းလူတိုင်း ကိုယ့်ဟာကိုယ်ကြိုး စားရပါမယ်။ တစ်ရက် မဲစာရင်းသွား ကြည့်မယ်၊ မပါရင် ပြန်ဖြည့်မယ်၊ ပြီးတော့ ပြန်စစ်မယ်၊ ၄-၅ ရက် လောက်တော့ ဝါယမစိုက်ဖို့လိုတယ်၊ မဲစာရင်းမှာ နာမည်တွေမပါရင် သွားပြင်ပါ၊ အချိန်ရှိပါသေးတယ်။ မဲစာရင်းထဲမှာ မပါရင်တောင်မှ မဲပေး ပိုင်ခွင့်လက်မှတ်တွေ ထုတ်ပေးမယ် လို့ ကော်မရှင်ကပြောပါတယ်။ မဲပေး ပိုင်ခွင့်ရှိပြီးတော့ ၈ ရက်နေ့ကျရင် မဲသွားပေးဖို့လဲ အင်မတန်မှအရေး ကြီးပါတယ်။ မဲပေးတယ်ဆိုတာ ကျွန် မတို့ရွေးကောက်ပွဲတစ်ခုတည်းအ တွက် မဲပေးတာမဟုတ်ပါဘူး။ ကျွန်မ တို့နိုင်ငံရဲ့အနာဂတ်အတွက်၊ ကျွန်မ တို့ကလေးတွေရဲ့အနာဂတ်အတွက် မဲပေးတာပါဆိုတာ သေသေ ချာချာ နှလုံးသွင်းထားပါ။ ဒီရွေးကောက်ပွဲဟာ ကျွန်မတို့နိုင်ငံအတွက် အင် မတန်မှ အရေးကြီးပါတယ်။ ကြား ဖြတ်ရွေးကောက်ပွဲနဲ့ မတူပါဘူး။ ဒီ ရွေးကောက်ပွဲက တစ်နိုင်ငံလုံးအ တွက် ရွေးကောက်ပွဲ၊ ဒီရွေးကောက်ပွဲ က အစိုးရအပြောင်းအလဲကိုဖြစ်စေ နိုင်တဲ့ရွေးကောက်ပွဲဖြစ်တယ်။ ဒါ ကြောင့် အင်မတန်မှ အရေးကြီးပါ တယ်။ အစိုးရပြောင်းဖို့ ဘာကြောင့် လိုသလဲဆိုရင် ကျွန်မတို့နိုင်ငံက စနစ်ပြောင်းဖို့လိုလို့ပါ''ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ ခုနှစ်အတွက် ကော့မှူးမြို့ နယ်သို့ ပထမဆုံးအကြိမ် စည်းရုံးရေး ဆင်းသည့်ခရီးစဉ်တွင် ကော့မှူး-ဒလ ကားလမ်းမပေါ်ရှိ အဖျောက် ကျေးရွာနှင့် နတ်စင်ကုန်းကျေးရွာတို့ တွင် ခေတ္တရပ်နားကာ ကားပေါ်မှ မိန့်ခွန်းပြောကြားခဲ့သည်။
ထို့နောက် ညနေ ၄ နာရီခန့် တွင် ကော့မှူးမြို့နယ် ငှက်အော် စမ်း ကျေးရွာရှိ ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းမှ ဖွင့်လှစ်ထားသည့် HCTA ဟိုတယ်သင်တန်းကျောင်းတွင် ခေတ္တရပ်နားကာ ညနေ ၅ နာရီတွင် ဟောပြောပွဲပြုလုပ်မည့် မဆယ်ဆိပ် ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
TS

Yangon Media Group
***********************************************************
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးဒေသခံများနှင့် တွေ့ဆုံစဉ်။ Photo: သက်စိုး။

Post a Comment

 
Top