0

       စာဖတ်သူဟာ စားပွဲမှာထိုင် အလုပ် လုပ်ရသူမျိုး၊ တက္ကစီမောင်းသူမျိုး၊ ပစ္စည်းထမ်းသည့် အလုပ်ကြမ်း လုပ်ရသူမျိုး ဆိုပါက စာဖတ်သူ အလုပ်ကို စက်ရုပ်တွေ ၀င်လုပ်နိုင်မလား စဉ်းစား အဖြေရှာကြည့်ပါ။ အဖြေကား စာဖတ်သူအတွက် စိတ် မကောင်းဖွယ်ပင်။ စက်ရုပ်တွေ ၀င်လုပ်လိမ့်မည်။
      အမေရိကန်ရှိ Boston Consulting Group လုပ်ငန်းအကြံပေး အတိုင်ပင်ခံအဖွဲ့၏ စစ်တမ်းအရကား လာမည့် ၂၀၂၅ ခုနှစ်ခန့်ဆိုလျှင် စက်ရုပ်တွေ သို့မဟုတ် ဆော့ဖ်ဝဲတွေဟာ ယနေ့ ကမ္ဘာ့လုပ်သားထု၏ လေးပုံတစ်ပုံ နေရာကို ၀င်လာတော့မည်ဟု သိရသည်။ အောက်စ်ဖို့ တက္ကသိုလ်၏ စစ်တမ်း တစ်ရပ်ကလည်း လာမည့် နှစ် (၂၀) အတွင်း ဗြိတိန်နိုင်ငံ အလုပ်အကိုင် (၃၅) ရာခိုင်နှုန်းတွင် စက်ရုပ် သို့မဟုတ် ဆော့ဖ်ဝဲများက အစားထိုး ၀င်လုပ်နေကြ လိမ့်မည်ဟု ဆိုလိုက်သည်။
      ရုံးစားပွဲထိုင်ပြီး ဒါပြီးဒါပြန် အထပ်ထပ် လုပ်ရသည့် ရုံးဝန်ထမ်း ရာထူးမျိုးတွေကို ဆော့ဖ်ဝဲတွေက အစားထိုး နေရာယူလိမ့်မည်။ ဒါပြီးဒါပြန် အထပ်ထပ် တပ်ဆင်ရသည့် စက်ရုံလုပ်သား နေရာမျိုးကိုလည်း စက်ရုပ်လက်တံတွေက ၀င်လုပ်ကြလိမ့်မည်။ နောက်ထပ်ကော ဘာအလုပ်မျိုးတွေ စက်ရုပ် ၀င်လုတာ ခံရနိုင်သနည်း။ ကြည့်ကြစို့။
တက္ကစီသမား
      ယနေ့အချိန်မှာပင် ကမ္ဘာ့မြို့ပြ အတော်များများတွင် သမားရိုးကျ တက္ကစီသမားများနှင့် Uber အပလီကေးရှင်း အခြေခံ အွန်လိုင်းချိတ်ဆက် လုပ်ကိုင်သော တက္ကစီသမားများကြား တင်းမာမှုများ ဖြစ်ပွားနေသည်။ Uber တက်္ကစီသမားများသည် လိုင်စင်မရှိ၊ စည်းမရှိ ကမ်းမရှိ မောင်းနှင်နေကြသည်ဟု သမားရိုးကျ တက္ကစီ သမားများက စွပ်စွဲနေသည်။
     Uber အပါအ၀င် ဂူဂဲကဲ့သို့ နည်းပညာ ကုမ္ပဏီကြီးများနှင့် ကားလုပ်ငန်းကြီးများသည် တက္ကစီ ယာဉ်မောင်းလူသားကို အားကိုးစရာ မလိုတော့မည့် မောင်းသူမဲ့ တက္ကစီကား စနစ်မျိုး ထူထောင်နိုင်ဖို့ ကြိုးပမ်းနေကြပြီ။ ဂူဂဲ၏ မောင်းသူမဲ့ကားသည် တက္ကစီကားအဖြစ်ပါ မြို့ထဲမှာ ကောင်းကောင်း အသုံးဝင်ဖို့ အလွန်နီးစပ်နေပြီ။ တက္ကစီ ယာဉ်မောင်းအတွက် လုပ်ခပေးနေရန် မလိုတော့သဖြင့် တက္ကစီခများကိုလည်း များစွာလျှော့ချပေးနိုင်မည့် အားသာချက် ရှိသည်။
      ယခုနှစ်ကုန်တွင် အင်္ဂလန်နိုင်ငံ မီလ်တန် ကဲနက်စ်အရပ်တွင် မောင်းသူမဲ့ တက္ကစီကားများ စတင်စမ်းသပ် ပြေးဆွဲတော့မည်။ မောင်းသူမဲ့ကားများ လမ်းပေါ်တက်မောင်းခွင့် ပေးနိုင်အောင် ယာဉ်ထိန်း ဥပဒေများကိုလည်း နိုင်ငံအစိုးရ အများအပြားက ပြင်ဆင် ရေးဆွဲလျက်ရှိသည်။
စက်ရုံလုပ်သား
      တရုတ်မှာ စက်ရုံလုပ်သားတွေ နေရာ အစားထိုးမည့် စက်ရုပ်တွေ တိုးပြီးရင်း တိုးကာ စမ်းသပ်နေသည်။ တရုတ်နိုင်ငံ တန်ဂွမ် စက်မှုမြို့တွင် နိုင်ငံ၏ ပထမဆုံးသော စက်ရုပ်နဲ့ချည်း အလုပ်လုပ်မည့် စက်ရုံကို တည်ဆောက်နေသည်။ ထိုစက်ရုံကို ပိုင်ဆိုင်သော Sehnzhen Evenwin Prcision Technology ကုမ္ပဏီသည် လက်ရှိ ၎င်းတို့ဝန်ထမ်း (၁၈၀၀) အနက် (၉၀) ရာခိုင်နှုန်း၏ နေရာတွင် စက်ရုပ်များဖြင့် အစားထိုးဖို့ ရည်မှန်းထားကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ချန်ကျင်ကူက ပြောသည်။
      တန်ဂွမ် စက်မှုမြို့ရှိ စက်ရုံပေါင်း (၅၀၅) ရုံသည် ပြီးခဲ့သည့် စက်တင်ဘာမှ ယခုနှစ် စက်တင်ဘာအတွင်း လူသားနေရာ စက်ရုပ်များ အစားထိုးဖို့ ဒေါ်လာသန်း (၆၀၀) ကျော် အသုံးပြုခဲ့ကြသည်။ လုပ်သား သုံးသောင်း နေရာတွင် စက်ရုပ်များဖြင့် အစားထိုးနိုင်ဖို့ ရည်မှန်းထားကြောင်း တန်ဂွမ် စီးပွားရေးနှင့် သတင်းနည်းပညာ ဗျူရိုက ထုတ်ပြန် ပြောကြားသည်။
      အိုင်ဖုန်း အပါအ၀င် နည်းပညာ ပစ္စည်းများ တပ်ဆင် ထုတ်လုပ်ပေးနေသည့် Foxconn ကုမ္ပဏီသည်လည်း လာမည့် ငါးနှစ်အတွင်း လုပ်သား (၃၀) ရာခိုင်နှုန်း နေရာတွင် စက်ရုပ်များဖြင့် အစားထိုးဖို့ စီစဉ်ထားကြောင်း သိရသည်။

ဂျာနယ်လစ်တွေ
      Forbs မဂ္ဂဇင်းမှာပါသည့် ကမ္ဘာ့ထိပ်ဆုံး ကုမ္ပဏီကြီးများ၏ ၀င်ငွေ ဇယားတွေ၊ အရှုံးအမြတ် ပမာဏတွေ စာဖတ်သူ ဖတ်ဖြစ်ပါသလား။ အေပီ သတင်းဌာနက အားကစား သတင်းကိုရော ဖတ်ဖြစ်ပါသလား။ ဒါဆို စက်ရုပ် ဂျာနယ်လစ်တွေ ရေးထားသည့် သတင်းကို စာဖတ်သူ မြည်းကြည့်ဖူးပြီဟု ဆိုနိုင်သည်။ အထက်ပါ သတင်း လုပ်ငန်းကြီးများသည် ဉာဏ်ရည်မြင့်စက်ရုပ် ဆော့ဖ်ဝဲများသုံးကာ သတင်းများ၊ မှတ်တမ်းဇယားများကို ရေးသားနေကြပြီ ဖြစ်သည်။
      Narrative Science ဆော့ဖ်ဝဲ ကုမ္ပဏီသည် Quill (ကလောင်တံ) ဆော့ဖ်ဝဲကို ထုတ်လုပ်ထားသည်။ အချက်အလက်၊ ကိန်းဂဏန်းများ၊ အချိန်၊ နေရာများကို ထည့်သွင်း ပေးလိုက်လျှင် ဖတ်လို့အဆင်ပြေသော သတင်းတစ်ပုဒ် ရေးထုတ်ပေးနိုင်သည်။ Quill တွင် ကြိုတင် ရေးသားထားသော ပုံစံထဲသို့ ကုမ္ပဏီ ၀င်ငွေစာရင်း၊ အရှုံးအမြတ် စာရင်းလိုမျိုး အချက်အလက်တွေ ထည့်ပေးလိုက်ရုံနဲ့ သတင်း အပြည့်အစုံရပြီ။ အားကစား သတင်းမျိုးသည်လည်း ထိုနည်းလည်းကောင်း။ နောင်တွင် နည်းပညာ အဆင့်မြင့် လာသည်နှင့်အမျှ ပိုနက်နဲ သိမ်မွေ့သော သတင်းရေးသားမှု ပုံစံများကိုပါ Quill က ရေးသား ပေးနိုင်လိမ့်မည်။ လာမည့် (၁၅) နှစ်အတွင်း သတင်း (၉၀) ရာခိုင်နှုန်းထိကို ဆော့ဖ်ဝဲများက အလိုလျောက် ရေးသား ပေးနိုင်တော့မည်ဟု Narrative Science  မှ သိပ္ပံအဖွဲ့ အကြီးအကဲ ခရစ်ရှန်ဟမ်မွန်က ပြောသည်။
      ထိုသို့ ပြောခြင်းကြောင့် ဂျာနယ်လစ် (၉၀) ရာခိုင်နှုန်းလောက် အလုပ်လက်မဲ့ ဖြစ်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း၊ သတင်းရေးသားမှုကို ဆော့ဖ်ဝဲများက လုပ်ပေးမည် ဖြစ်သောကြောင့် ဂျာနယ်လစ်များ အနေဖြင့် သတင်းရေးသားရန် အချိန်ပေးစရာ မလိုတော့သဖြင့် သတင်းလိုက်ခြင်းဘက်ကို ပိုပြီး အားစိုက် လုပ်ကိုင်နိုင်သည့် အကျိုးကိုပင် ရကြဦးမည် ဖြစ်ကြောင်း မစ္စတာ ဟမ်မွန်က ပြောသည်။
ဆရာဝန်
      လူနာ၏ ကျန်းမာရေး အချက်အလက်များကို ပြည့်စုံစွာ ထည့်သွင်းပေးလိုက်ပါက မည်သို့သော ရောဂါများ ဖြစ်ပွားနေသည်၊ မည်သို့သော ရောဂါများ ထပ်ဖြစ်ပွားနိုင်ခြေ ရှိသည်ကို ဆော့ဖ်ဝဲများက အနီးစပ်ဆုံး အဖြေထုတ် ပေးနိုင်နေပြီ။ IBM မှ စူပါကွန်ပျူတာ Watson ဆိုလျှင် ကင်ဆာဆဲလ်များ၏  မျိုးဗီဇပုံစံများကို တွက်ချက်ကာ ထိုဗီဇများကို အနိုင်တိုက်နိုင်မည့် မျိုးဗီဇဆဲလ်မျိုး ထွက်လာအောင် တွက်ထုတ်ပေးသည့် အလုပ်ကို လုပ်နေသည်။ လူသားဉာဏ်ရည်ဖြင့် တွက်ချက်ပါက လူ့တစ်သက်နှင့်ပင် ပြီးစရာမရှိသည့် ဒီအန်အေ တွက်ချက်မှုများကို Watson က မိနစ်ပိုင်း၊ နာရီပိုင်းလောက်ဖြင့် လုပ်ပေးနိုင်သဖြင့် အနာဂတ် ကင်ဆာ ကုသရေးအတွက် အားတက်ဖွယ် ဖြစ်လာသည်။
      ခွဲစိတ်ရေး လုပ်ငန်းများတွင်လည်း စက်ရုပ်လက်တံများသည် အလွန်တည်ငြိမ်သော ခွဲစိတ်ဆရာဝန် ကောင်းများ ဖြစ်နေပြီ။ ခွဲစိတ်ပြီး ပြန်ချုပ်ရာတွင်လည်း စက်ရုပ်လက်များက ပိုမြန် ပိုသပ်ရပ်စွာ ချုပ်ပေးနိုင်သလို၊ စက်ရုပ်လက်တံနှင့် ချုပ်ထားသော ချုပ်ရိုးသည် အကျက်မြန်ကြောင်း တွေ့ရသည်။ စက်ရုပ်လက်တံများ၊ စက်ရုပ်ဉာဏ်ရည် ဆော့ဖ်ဝဲများဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းသည်လည်း ယိုကွက်ဟာကွက်အချို့ ရှိနေသေးသည်။ အမေရိကန်တွင် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း စက်ရုပ်ခွဲစိတ်မှုနှင့် ဆက်စပ်ပြီး သေဆုံးသူ (၁၄၄) ဦး ရှိကြောင်း သိရသည်။
      သက်ကြီးရွယ်အိုဦးရေ များပြားလာနေသော ဂျပန်နိုင်ငံတွင်လည်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကအစ သက်ကြီး ရွယ်အိုများအတွက် အဖော်အဖြစ်ပါ အသုံးဝင်မည့် စက်ရုပ်အမျိုးမျိုးကို တီထွင်နေပြီ သို့ဖြစ်ရာ စက်ရုပ်များသည် အနာဂတ် ကျန်းမာရေး လုပ်ငန်းခွင်များတွင် ပို၍ ပို၍ တွင်ကျယ်လာဖို့သာ ရှိနေသည်။
Ref: Which jobs will robots steal first? By Jane Wakefield (BBC)

http://messengernewsjournal.com/

Post a Comment

 
Top