လွန်ခဲ့သည့်တစ်နှစ် ကျော်ကဖြစ်ပွားခဲ့သောမြန်မာ့လက်ရွေးစင်အသင်းနှင့် ရန်ကုန် ယူနိုက်တက်ကွင်းလယ်ကစား သမားကြည်လင်းကို အသက်
မပြည့်သူအား မြှူဆွယ်ဖြားယောင်းမှုဖြင့်တရားစွဲဆိုထား သည့်အမှုကို ပြန်လည်စစ်ဆေးနေကြောင်းသတင်းရရှိသည်။
အဆိုပါအမှုကို စက်တင် ဘာ ၁၆ ရက်တွင် ကမာရွတ်မြို့နယ်တရားရုံးတွင်အမှုစစ်ဆေးခဲ့ပြီး တရားသူကြီးချုပ်မိန့်ဖြင့် ကြည်လင်းကို အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးထားသည်။ ကြည်လင်းသည် အဆိုပါအမျိုးသမီးကိုလက်ထပ်ပြီးနောက် အဆက်အသွယ်ဖြတ်ခဲ့သည်မှာ ခုနစ်လကြာမြင့်ခဲ့၍ အမျိုးသမီး၏ဖခင်က ပြန်လည်တိုင်ကြားခဲ့သဖြင့် အမှုကို ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
‘‘ကြည်လင်းကလည်း ကောင်မလေးနဲ့ အဆက်အသွယ် မလုပ်တော့တာ ခုနစ်လကြာပြီလို့ ပြောတယ်။ တရားသူကြီးကိုယ်တိုင် ချုပ်မိန့်ပေးခဲ့တာပါ။ ဒီအမှုကလည်း အာမခံပေးလို့ရတဲ့အမှုမဟုတ်ပါဘူး။ ရုံးချိန်းကတော့ ဒီလစတုတ္ထပတ်မှာဆက်လက်စစ် ဆေးသွားမယ်လို့သိရပါတယ်’’ ဟု အဆိုပါရဲအရာရှိကပြော သည်။
ကြည်လင်းက ယင်းအမျိုးသမီးငယ်ကို အလိုမတူဘဲ သားမယားပြုကျင့်လိမ်လည်ခေါ်ဆောင်ခဲ့သည့်အတွက် ဖခင်ဖြစ်သူက ၂၀၁၄ ဇွန်လအတွင်း ကမာရွတ်ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
‘‘တိုင်ကြားသူဖခင်ကတော့ သမီးဖြစ်သူက ၇ ရက်က အိမ်ကထွက်သွားတယ်။ ပြီးတော့ အဆက်အသွယ်လုံးဝမရတော့ ဘူး။ ၉ ရက်နေ့မှာအိမ်ပြန်ရောက် လာတယ်မေးတော့လည်း မဖြေဘူး။ နောက်မှ လွယ်အိတ်ထဲက ဆေးရုံတက်ရတဲ့စာအုပ်တွေ့ပြီးမေးမှ ကောင်မလေးက ဖြစ်စဉ်ကိုပြောပြတယ်’’ဟု အဆိုပါ ရဲအရာရှိက အမှုစတင်ဖြစ်ပွားစဉ်က အခြေအနေကိုရှင်းပြသည်။
အမျိုးသမီးမှာ အသက် (၁၇)နှစ် သုံးလအရွယ်ရှိပြီး ကမာရွတ်မြို့နယ်တွင် အလှပြင်သင်တန်းတက်ရောက်နေစဉ် ဇွန်လ ၆ ရက်တွင် ကြည်လင်းက မူးယစ်နေပြီး အိမ်ပြန်လိုက်ပို့မည်ဟုဆိုကာ ဟိုတယ်သို့ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့ပြီးနောက် အမျိုးသမီးမှာ သတိလစ်သွားသည့်အတွက် အကယ်ဒမီဆေးရုံသို့တင်ပို့ခဲ့ခြင်းဖြစ်သည်ဟုဆိုကာ ဖခင်က ရဲစခန်းတွင်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်ယူနိုက်တက်အသင်းမှ တာဝန်ရှိသူများနှင့် အစည်းအဝေးထိုင်ကာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်းအမှုဆောင်အရာရှိချုပ် ဦးမင်းဆွေဦးကပြောသည်။
‘‘အခုဖြစ်နေတဲ့အမှုကိုတော့ သေချာမသိရသေးဘူး။ ကိုယ်ရေး ကိုယ်တာဖြစ်တာလား၊ ဒါမှမဟုတ် အသင်းနဲ့ဘယ်လိုပတ်သက်မလဲ ဒါတွေကိုစုံစမ်းနေပါတယ်။ နောက်ပြီး အသင်းကတာဝန်ရှိသူတွေနဲ့လည်း တိုင်ပင်ပြီးမှ ဘယ်လိုဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်သွားမှာပါ’’ဟု ဦးမင်းဆွေဦးကပြောသည်။
ပြစ်မှုပုဒ်မ ၃၆၆ အရ အသက်မပြည့်သေးသော အမျိုးသမီးတစ်ဦးကို အလိုမတူဘဲ သာ မယားပြုကျင့်၍ လိမ်လည်ခေါ်ဆောင်သူကို အများဆုံးထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ်ချမှတ်နိုင်ပြီး တရားသူကြီး၏ဆုံးဖြတ်ချက်အပေါ်မူတည်ကာ ချမှတ်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ကြီးကပြောသည်။

Credit to: 7Day News Journal
Post a Comment