0

အခုတစ်လော အမေရိကန်က ဦးဆောင်ပြီး ကမ္ဘာတစ်ဝန်းက ယုံကြည်ချက်ကြောင့် အကျဉ်းချခံ နေရတဲ့ အမျိုးသမီး ၂၀ ကိုလွှတ် ပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှု ပေါ်ထွက်လာပါတယ်။ အမျိုးသမီး ၂၀ ထဲမှာ မြန်မာနိုင်ငံက မဖြိုးဖြိုးအောင်နဲ့ ဒေါ်နော်အုန်းလှတို့ပါလာပါတယ်။ ဒီလှုပ်ရှားမှုဟာ ၁၉၉၅ ခုနှစ် ဘေဂျင်းအနီး ဟွေရိုးမှာလုပ်ခဲ့တဲ့ ကမ္ဘာ့အမျိုးသမီး ညီလာခံက ဆုံးဖြတ်ခဲ့တဲ့အဆုံးအဖြတ် အနှစ် (၂၀)ပြည့်တဲ့ အနေနဲ့ ဆောင်ရွက်တာလို့ သိရပါတယ်။
၁၉၉၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံလို့ဆိုလိုက် တော့ ထောင်ထဲမှာတုန်းက အတွေ့အကြုံတွေကို သတိရစေပါတယ်။ အဲဒီညီလာခံအကြောင်း မသိခဲ့ပေမယ့် ထောင်ဝင်စာထွက်တဲ့တစ်နေ့မှာ ကျွန်မအဖေကို သူ့ ရဲ့မိတ်ဆွေတစ်ယောက်က ‘‘ခင်ဗျားသမီး တရုတ်ပြည်ရောက်နေလား’’လို့မေးကြောင်း ပြောပါ တယ်။ ဖေဖေကမဟုတ်ကြောင်း ပြန်ဖြေခဲ့တယ်လို့ ပြောပြတော့ သားအမိ၊ သားအဖတွေ စဉ်းစားမရဖြစ်ခဲ့ပါတယ်။
 နောက်တစ်ပတ်မှာတော့ နိုင်ငံခြားအသံလွှင့်ဌာနတွေမှာ ပြောသွားကြောင်း၊ ဖြစ်စဉ်က အဲဒီဘေဂျင်းညီလာခံမှာ အစိုးရတွေကလုပ်တဲ့ညီလာခံနဲ့ အစိုးရ မဟုတ်တဲ့ အင်န်ဂျီအိုတွေကလုပ်တဲ့ ညီလာခံဆိုပြီးရှိကြောင်း၊ အစိုး ရညီလာခံကိုတော့ မြန်မာအစိုးရ က အမျိုးသားတွေချည်း စေလွှတ်လိုက်ကြောင်း၊ အင်န်ဂျီအိုညီလာ ခံမှာတော့ ကျွန်မရဲ့ (၂၉)နှစ် မြောက်မွေးနေ့နဲ့ တိုက်တာမို့ မွေးနေ့ပွဲကို အသေအချာကျင်းပခဲ့ ကြကြောင်းတွေ သိခဲ့ရပါတယ်။ ကိုယ့်တစ်သက်မှာ မွေးနေ့ကို တခမ်းတနားလည်း ကိုယ်တိုင်မလုပ်ဖြစ်ခဲ့သူအဖို့ ကမ္ဘာအရပ်ရပ်က ကိုယ်က မသိသူတွေကျင်းပပေးတဲ့ မွေးနေ့ပွဲလေးရှိခဲ့တယ်လို့ကြားရတော့ ဝမ်းသာကြည်နူးပြီး အားအင်တွေလည်း ရှိခဲ့ရပါတယ်။
တကယ်တော့ အဲဒီအချိန်မှာ ကျွန်မက တီဘီရောဂါကို အနိုင်တိုက်နေရချိန်မို့ ကိုယ်ခန္ဓာပိုင်း အားနည်းနေချိန်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသတင်းဟာ ကျွန်မကို စိတ်ခွန်အားတွေအများကြီးဖြစ် စေပါတယ်။ အင်န်ဂျီအိုတွေက မွေးနေ့ကိတ်ကြီးတစ်လုံးကို မှာခဲ့ပေမယ့် တရုတ်ရဲတွေက တားခဲ့ တာတွေလည်း ကြားရပါတယ်။ နောက်ဆုံးမှာတော့ ခွင့်ပြုချက်ရခဲ့ ပြီး ကျွန်မရဲ့ ဓာတ်ပုံတွေကို ကိုင်ကာ ကစားနည်းများစွာကို အတူတကွ ကစားခဲ့ကြသလို ‘ပျော်ရွှင်သော မွေးနေ့’ဆိုကာ ကမ္ဘာတစ်ဝန်းက အမျိုးသမီးတွေ က မွေးနေ့ဆုတောင်းတွေကို ဝိုင်း ရေးထားတဲ့ စက္ကူချပ်ကြီးသုံးချပ် ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ အခု လို အချက်အလက်တွေကိုတော့ ၁၉၉၉ ခုနှစ် ထောင်ကလွတ်ပြီး နောက်ပိုင်းမှ နိုင်ငံခြားသားမိတ် ဆွေသူငယ်ချင်းတွေကျေးဇူးနဲ့ အသေးစိတ်သိမြင်ခွင့်ရခဲ့ပါတယ်။
 စက္ကူချပ်ကြီး သုံးခုရော၊ တခြားဓာတ်ပုံတွေရော၊ အဲဒီ အချိန်ကပါခဲ့တဲ့ သတင်းအတိုအထွာတွေရော တစုတစည်း တည်းမြင်ရချိန်မှာလည်း ပီတိဖြစ် ခဲ့ရပါတယ်။ ကမ္ဘာကြီးက ကိုယ့် ကို မမေ့ထားပါလားဆိုတဲ့ခံစား ချက်ဟာ ထောင်ထဲမှာရှိနေသူ တစ်ယောက်အဖို့ ခွန်အားအဖြည့် ပေးနိုင်ဆုံး ခံစားချက်တွေထဲက တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ နောင်မှာ အဲဒီညီလာခံကို သွားတက်ပြီး မွေးနေ့ဆုတောင်းရေးခဲ့သူအမျိုး သမီးတချို့ကို တခြားနိုင်ငံတွေမှာ တွေ့ဆုံခွင့်ရတဲ့အခါ သူတို့ရဲ့ ကိုယ်တွေ့တွေကို နားထောင်ခွင့် ရတော့လည်း ကြည်နူးရတာပေါ့။
ဒါကြောင့် ဒီကနေ့ 'Free 20' လှုပ်ရှားမှုကို လှိုက်လှိုက်လှဲ လှဲထောက်ခံမိပါတယ်။ ဒီလှုပ် ရှားမှုဟာ အမျိုးသမီးထုကြီးတစ် ခုလုံးကို ဦးတည်ပြုလုပ်တာဖြစ် ပေမယ့် ၁၉၉၅ ကနေ ရေတွက် ရင် အနှစ် (၂၀)ပြည့်သွားတဲ့ ဘေ ဂျင်းသဘောတူညီချက်ကို ဂုဏ် ပြုတဲ့အနေနဲ့ ကမ္ဘာ့အမျိုးသမီး အယောက် ၂၀ ကို နမူနာရွေး ထုတ်ပြထားတာပါ။ တကယ်ရည် ရွယ်တာကတော့ ကမ္ဘာတစ်ဝန်း က ယုံကြည်ချက်ကြောင့် အကျဉ်း ချခံနေရတဲ့ အမျိုးသမီးတွေနဲ့ ကမ္ဘာတစ်ဝန်းက အစိုးရတွေက လျစ်လျူရှုတာကို ခံနေရတဲ့ အမျိုး သမီးရပိုင်ခွင့်တွေကိုပဲဖြစ်ပါတယ်။
အမျိုးသမီးတွေကို လွှတ် ပေးပါဆိုတာ မဖြိုးဖြိုးအောင်၊ ဒေါ်နော်အုန်းလှတို့လို လူကိုယ်တိုင် အကျဉ်းချခံနေရသူတွေတင်မကဘဲ အမျိုးသမီးထုကြီးရဲ့ ရပိုင်ခွင့်တွေကို လက်ဝါးကြီးအုပ်ထိန်း ချုပ်ထားတာတွေ၊ အလွဲသုံးစား လုပ်ထားတာတွေကိုလည်း လွှတ် ပေးပါလို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်စရာကောင်းတဲ့ အမျိုးသမီးအခက်အခဲတွေကို မြင်သာအောင် ပြန်မြင်ကြည့်စေ ချင်ပါတယ်။ ဘာတွေကို ဘာလို့ လွှတ်ပေးစေချင်တယ်ဆိုတာ သိစေချင်လို့ပါ။ ၁၉၉၅ ခုနှစ် ဘေဂျင်းသဘောတူညီချက်မှာ အတော်လေး ပြီးပြည့်စုံတဲ့ဆုံး ဖြတ်ချက်တွေ၊ ညွှန်းဆိုတိုက်တွန်း ချက်တွေပါပါတယ်။ အဲဒီအထဲက တချို့ကိုပဲ ဒီနေရာမှာ သတိပေး ဖော်ပြချင်ပါတယ်။ အဲဒါတွေက တော့..
အမြဲတစေနဲ့ မပြတ်ဖိစီးနေ တဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်တဲ့ ဆင်းရဲမွဲ တေမှု၊ ပညာသင်ကြားမှု၊ ကျန်း မာရေးဝန်ဆောင်မှု ဒီနှစ်ခုနဲ့ပတ် သက်တဲ့ မညီမျှမှုတွေ၊ လက်လှမ်း မီမှုအားနည်းတာ၊ မလုံလောက်တာတွေ၊ အကြမ်းဖက်ခံရတာ တွေ၊ လက်နက်ကိုင် (ဒါမှမဟုတ်) တခြားပဋိပက္ခတွေရှိတဲ့နေရာ တွေ အထူးသဖြင့် နိုင်ငံခြားက သိမ်းပိုက်ခံထားရတဲ့နေရာတွေ က အမျိုးသမီးတွေရဲ့ဘဝအပေါ် ရိုက်ခတ်မှုတွေ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းနဲ့ သယံဇာတရင်းမြစ်လို စီးပွားရေးအဆောက်အအုံနဲ့ မူဝါဒတွေမှာ မညီမျှမှုတွေ၊ အဆင့်ဆင့်သော အာဏာဆိုင်ရာအဆုံး အဖြတ်ချမှတ်မှုတွေမှာ ကျား-မ မညီမျှမှုတွေ၊ အမျိုးသမီးတွေရဲ့ တိုးတက်မှုတွေကို မြှင့်တင်ပေးဖို့ အရေးမှာ အဆင့်ဆင့်တိုင်းက မလုံလောက်တဲ့နည်းလမ်းတွေပဲ ရှိနေတာတွေ၊ အမျိုးသမီးတွေရဲ့ အခြေခံလူ့ရပိုင်ခွင့်ဆိုင်ရာ ကာကွယ်ပေးရေးနဲ့ မြှင့်တင်ပေးရေး ကို လေးစားသမှုအရာမှာတော့ မလုံလောက်အားနည်းနေတာ တွေ၊ မီဒီယာလို လူထုဆက်ဆံ ရေးစနစ်နဲ့ နည်းလမ်းတွေမှာ အမျိုးသမီးတွေကို သမားရိုးကျ အမြင်တွေနဲ့ ဆက်ဆံတာ၊ လုံလုံ လောက်လောက်နေရာမပေးတာ တွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတစီမံခန့်ခွဲရေးမှာလည်း ကျား-မ ဂျန်ဒါမညီမျှတာတွေ၊ မိန်းကလေးငယ်လေးတွေအပေါ် အမြဲတစေ ခွဲခြားဆက်ဆံပြီး ရပိုင် ခွင့်တွေကို ချိုးဖောက်နေတာတွေ အဲဒါတွေအားလုံးကို အရေး အကြီးဆုံး ဂရုတစိုက်လွှတ်ပေးရ မယ့်အရာတွေအဖြစ် ဘေဂျင်း ညီလာခံကဆိုခဲ့တာ ဖြစ်ပါတယ်။
မဖြိုးဖြိုးအောင်၊ ဒေါ်နော်အုန်းလှနဲ့အတူ တခြားသောအမျိုးသမီးတွေရယ်၊ အမျိုးသမီးရပိုင် ခွင့်ဆုံးရှုံးနေတာရယ်ကို အမြန်ဆုံးလွှတ်ပေးနိုင်ကြဖို့ အားထုတ် ရုန်းကန်ကြပါစို့။။

http://7daydaily.com/story/46048

Post a Comment

 
Top