ဈေးအတွင်းရောင်းချနေသည့် စားသုံးဆီများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
နယ်စပ်မှ တင်သွင်းရောင်းချနေသည့် အရည်အသွေး မပြည့်မီသော စားသုံးဆီများ အပါအ၀င် စံမညီ ပြည်တွင်းထုတ် မြေပဲဆီအရောများကို ဈေးကွက်ထောက်လှမ်း စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီ အမှတ်တံဆိပ်များမှာ မြေပဲဆီဟု ဖော်ပြထားသော်လည်း မြေပဲဆီ အစစ်များ မဟုတ်ကြောင်း၊ မြေပဲဆီ အမည်ခံ စားအုန်းဆီနှင့် အခြားစားသုံးဆီ အရောများဖြစ်ကြောင်းနှင့် ပြည်တွင်းထုတ် စားသုံးဆီများသာမက ပြည်ပနိုင်ငံများမှ တင်သွင်းသည့် စားသုံးဆီတံဆိပ် အချို့မှာလည်း အရည်အသွေး မပြည့်မီသော စားသုံးဆီများ ရှိနေခြင်းကြောင့် ဈေးကွက်ထောက်လှမ်းစောင့်ကြည့် စစ်ဆေးခြင်းကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်းက တရုတ်နိုင်ငံမှ တင်သွင်းသည့် ဟင်းချက်ဆီများကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ စစ်ဆေးခဲ့ရာ အရည်အသွေး သတ်မှတ်ချက် မပြည့်မီခြင်း၊ မြေပဲဆီဟု ဖော်ပြထားသည့် ဆီအချို့တွင် အခြားစားသုံးဆီအရောများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့ပြင် ပြည်တွင်းထုတ် မြေပဲဆီသန့်များကို စစ်ဆေးခဲ့ရာ စားအုန်းဆီများနှင့် စားသုံးဆီအရောများ ထည့်သွင်းထားသည့် တံဆိပ် ၁၀ မျိုးကို ရောင်းချခွင့် ပိတ်သိမ်းခဲ့ပြီး ယင်းတံဆိပ် အမည်များမှာ ရွှေအိုး၊ ရွှေတော်ဝင်၊ HiPlus၊ စိန်၊ ရွှေပဒေသာ၊ ကံသာမြင့်၊ Ruby(ပတ္တမြား)၊ သပြေ၊ မော်ကွန်းသစ်နှင့် စိန်မမ အမှတ်တံဆိပ်များဖြစ်ကြောင်း သိရသည်။
မြေပဲဆီသန့်၊ ပဲဆီနှင့် ရာနှုန်းပြည့် ပဲဆီသန့်ဟု ဖော်ပြထားသည့် အမှတ်တံဆိပ်များတွင် စားအုန်းဆီများနှင့် အခြားစားသုံးဆီ အရောများ ထည့်သွင်းထားခြင်းကြောင့် ရောင်းချခွင့် ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး ယင်းပစ္စည်းများသည် ဈေးကွက်အတွင်းသို့ ရောက်ရှိနေသည့်အတွက် အမြန်ဆုံး ပြန်လည်ရုပ်သိမ်းသွားရန်နှင့် ဆက်လက်ထုတ်လုပ်ရောင်းချမှုများ မပြုလုပ်ရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။
အစားအသောက်များနှင့် ပတ်သက်၍ ဈေးကွက်ထောက်လှမ်း စောင့်ကြည့်ခြင်းများ လုပ်ဆောင်ရာတွင် ဈေးကွက်အတွင်းရောင်းသည့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေး ပြည့်မီရေးကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် စားသုံးရန် မသင့်သော အစားအသောက်များ ဈေးကွက်အတွင်း တွေ့ရှိပါက အများပြည်သူ သိရှိရန် ကြေညာပြီး နှီးနွှယ်ဌာနများနှင့် ပေါင်းစပ်၍ ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူခြင်း၊ ဖျက်ဆီးခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အစားအသောက် တင်သွင်း/တင်ပို့လိုပါက သွင်းကုန်/ပို့ကုန်လိုင်စင် လျှောက်ထားရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်ရယူရန် လိုအပ်ပြီး အစားအသောက် တင်ပို့/တင်သွင်း လာပါက တင်ပို့/တင်သွင်း လာမည့် အစားအသောက်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ကျန်းမာရေး ထောက်ခံချက် ရယူရန်လည်း လိုအပ်ကြောင်း သိရသည်။
ပြန်လည်ရုပ်သိမ်းခဲ့သည့် ကုန်ပစ္စည်းများကို ဆက်လက်ထုတ်လုပ် ရောင်းချခြင်းများ တွေ့ရှိခဲ့ပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(ခ)အရ အရေးယူသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

Writer:
အိသဉ္ဇာကျော်
http://news-eleven.com/

Post a Comment