0

Published on: July 3, 2014
Written by: ဝေယံဖြိုးဦး၊ မျိုးမင်းထက်

NLD ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုများသည် လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီအပေါ် သြဇာသက်ရောက်နိုင်သည့် အနေအထားမရှိဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ဇူလိုင် ၃ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“NLD ပါတီမှပြုလုပ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုများသည် လွှတ်တော်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်ဆောင်ရွက်နေမှုများအပေါ် ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်ပါသလဲ” ဆိုသည့်မေးခွန်းကို သူရဦးရွှေမန်းက ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်းက “NLD က သူ့ဆန္ဒ၊ သူ့သဘောတရားနဲ့ လုပ်တာဖြစ်ပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီအပေါ်တော့ သိပ်ပြီးတော့ သြဇာသက်ရောက်နိုင်တဲ့ အနေအထားမရှိပါဘူး” ဟုဆိုသည်။

လွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၏ အစီရင်ခံစာအပေါ်မူတည်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းင်းအဖွဲ့တွင် မူဝါဒများရှိကြောင်း၊ မိမိအနေဖြင့်လည်း မူဝါဒချမှတ်ပေးထားကြောင်း၊ ၎င်းဘောင်အတွင်းမှ ဆောင်ရွက်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် လုံလောက်သည့် အတိုင်းအတာရှိကြောင်း သူရဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့သည်။

NLD ပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဟောပြောပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြုလုပ်လျက်ရှိသည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အားပြင်ဆင်နိုင်ရန် လူထုထောက်ခံ ကြောင်း လက်မှတ်ရေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ပုဒ်မ ၃၄၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင် လက်မှတ်ရေးထိုးသူ သုံးသန်းကျော် စာရင်းကို ရရှိပြီးဖြစ်သည်ဟု NLD ပါတီက ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေသည်ဟု ပြောနေသူများအား ပြည်သူများအနေဖြင့် ဟုတ်၊ မဟုတ် စောင့်ကြည့်ရန် လိုအပ်ကြောင်း ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဟောပြောပွဲတွင် ပြောကြားထားသည်။

ဇူလိုင် ၃ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးခွန်းများကို သူရဦးရွှေမန်း ဖြေကြားစဉ်

ACM Credit To : Eleven Media Group
http://www.ayechanmon-news1.com/
Photo: NLD ပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုများသည် လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီအပေါ် သြဇာသက်ရောက်နိုင်သည့် အနေအထားမရှိဟု သူရဦးရွှေမန်း ပြောကြား

Post a Comment

Top