နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူပြီးစ ပြည်သူလူထုကို ပြောကြားခဲ့သော မိန့်ခွန်းအပါအဝင် နောက်ပိုင်း မိန့်ခွန်းများတွင် မကြာခဏ အထူးပြုပြောဆို သွားခဲ့သည်မှာ Rule of Law ခေါ် တရားဥပဒေစိုးမိုးရေး ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအတွက် အရေးကြီးဆုံးနှင့် အခြေခံအကျဆုံး အချက်ဖြစ်သည့်အပြင် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း အဓိက ရေခံမြေခံ ဖြစ်သည်။
ဥပဒေ၏ရှေ့တွင် ‘တရား’ ဆိုသည့် မျှတသောဟု အဓိပ္ပာယ်ရ စကားလုံး ထည့်ထားခြင်းမှာလည်း အကြောင်းမဲ့ မဟုတ်ပေ။ တရားမျှတသော ဥပဒေများ စိုးမိုးရေးကို အထူးပြု ပြောလိုသောကြောင့် ဖြစ်သည်။ ထို့အပြင် ကိုလိုနီစနစ်အောက်ရှိ နယ်ချဲ့အစိုးရနှင့် အာဏာရှင်စနစ်၊ အာဏာရှင် အစိုးရတို့သည် ပြည်သူလူထု ငြိမ်ဝပ်ပိပြားစေရေးအတွက် နိုင်ငံသားများ၏ လွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်သော မတရားဥပဒေများ ရေးဆွဲပြဋ္ဌာန်းလေ့ ရှိသောကြောင့် တရားဥပဒေဟု နာမဝိသေသန အထူးပြုထားခြင်းလည်း ဖြစ်သည်။
အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းစ မြန်မာနိုင်ငံတွင်လည်း ဗြိတိသျှ ကိုလိုနီအစိုးရက နိုင်ငံသားများအပေါ် ဖိနှိပ်အုပ်ချုပ်ရန် ပြဋ္ဌာန်းထားသော မတရားသည့် ဥပဒေဆိုးများကို လက်ရှိအချိန်အထိ မြန်မာအစိုးရ အဆက်ဆက် မွမ်းမံသုံးစွဲနေဆဲ ဖြစ်သည်။
ယမန်နေ့ ညဥ့်နက်ပိုင်းနှင့် ယနေ့မနက် လင်းအားကြီးပိုင်းက Bi မွန်းတည့်နေ ဂျာနယ်မှ အယ်ဒီတာ၊ သတင်းထောက် စုစုပေါင်းသုံးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရှောင်တခင် ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ထို့အတူ ကုန်ခဲ့သည့်ရက်ပိုင်း အတွင်းကလည်း ပုဂ္ဂလိက သတင်းမီဒီယာများကို ရဲသတင်းတပ်ဖွဲ့က ခေါ်ယူ မေးမြန်းခဲ့သည်။
ထို့အပြင် မန္တလေးမြို့တော်တွင် ဖြစ်ပွားနေသော ဘာသာရေးအရေခြုံ အကြမ်းဖက်မှုများကို သတင်းရယူကာ ပြည်သူလူထုထံ ပြန်ကြားပေးနေသော သတင်းသမားများကို အကြမ်းဖက် လှုံ့ဆော်လိုသူများက ဓာတ်ပုံရိုက်ယူခြင်း၊ ဘက်လိုက်ရေးသားသော သတင်းသမားများ၊ သတင်းမီဒီယာများကို ဓာတ်ပုံနှင့်တကွ အွန်လိုင်းလူမှုရေး စာမျက်နှာများမှတစ်ဆင့် ဖြန့်ဝေခြင်း၊ သတင်းမီဒီယာများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ဘက်လိုက်ရေးသားပါက အန္တရာယ်ပြုမည်ဟု ပြောဆိုခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက်လျက် ရှိသည်။
ဖော်ပြပါ ဖမ်းဆီး၊ မေးမြန်းမှုများသည် တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင်ပါသော ရဲလုပ်ပိုင်ခွင့်အရ အရေးယူဆောင်ရွက်သည် ဆိုသော်လည်း ပြီးခဲ့သော ဧပြီလအတွင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြု ထုတ်ပြန်ထားသည့် သတင်းမီဒီယာဥပဒေတွင် သတင်းသမားတစ်ဦးဦးက ကျင့်ဝတ်သိက္ခာ ချိုးဖောက်ခြင်းကြောင့် နစ်နာထိခိုက်သည်ဟု ယူဆသော လူပုဂ္ဂိုလ် အဖွဲ့အစည်းသည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ ပထမဦးစွာ တိုင်ကြားနိုင်ကြောင်း အတိအလင်း ထည့်သွင်း ဖော်ပြထားပြီး ဖြစ်သည်။
သတင်းမီဒီယာသမား များသည်လည်း နိုင်ငံသား ဖြစ်နေသောကြောင့် နိုင်ငံတော်တွင် ပြဋ္ဌာန်းကျင့်သုံးနေသော တည်ဆဲဥပဒေအားလုံးကို လေးစားလိုက်နာရမည် ဖြစ်သည်။ ထို့အတူ ဖွဲ့စည်းပုံဥပဒေပါ နိုင်ငံသားတစ်ဦးချင်းစီ၏ အခြေခံရပိုင်ခွင့်များ၊ အခွင့်အရေး များကိုလည်း ရယူခံစားခွင့်ရှိသည့်အပြင် ဥပဒေဘောင်အတွင်း နေထိုင်နေသမျှ ကာလပတ်လုံး တည်ဆဲဥပဒေအားလုံး၏ အကာအကွယ် ရယူပိုင်ခွင့်ရှိသည်။
ထို့အတူ နိုင်ငံသားအားလုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ် ခြိမ်းခြောက် အန္တရာယ်ပြုလာခြင်းများကို အကာအကွယ်ပေးရမည့် တာဝန်ထမ်းဆောင် နေသူများလည်း လုပ်ကိုင် ဆောင်ရွက်သမျှ ဥပဒေနှင့်အညီ ဥပဒေကို လေးစားလိုက်နာရန် တာဝန်ရှိသည်။ တရားဥပဒေစိုးမိုးရေး ဆိုသည်မှာ နိုင်ငံသားအားလုံးက ရှိနေသော ဥပဒေများကို လေးစားလိုက်နာခြင်း၊ မည်သည့် အရေးကိစ္စမဆို၊ မည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းကိုမဆို ဥပဒေနှင့်အညီ ဥပဒေများအတိုင်း တိကျစွာ ဆောင်ရွက်ခြင်းကို ဆိုလိုသည်။ ယင်းကဲ့သို့ တရားဥပဒေစိုးမိုးမှု ရှိစေရန်မှာ အာဏာသုံးရပ်၊ တပ်မတော်အပါအဝင် ဥပဒေများ အသက်ဝင်လာစေရန် အကောင်အထည် ဖော်သူများအားလုံး ဥပဒေအောက်တွင် ဥပဒေနှင့်အညီ ဆောင်ရွက်လုပ်ကိုင်မှုက အဓိကကျကြောင်း သိစေလိုရင်း ဖြစ်သည်။
အယ်ဒီတာ (၈-၇-၂၀၁၄)
ACM Credit To: thevoicemyanmar.com/
http://
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.