ရန်ကုန်၊ ဇူလိုင် ၈
မိုဘိုင်းလ်ဖုန်းဖြင့် ငွေလွှဲခြင်း၊ ငွေပေးချေခြင်းများ ပြုလုပ်နိုင်သည့် အီလက်ထရွန်နစ် ငွေပေးချေစနစ်တစ်မျိုး ဖြစ်သော မိုဘိုင်းလ်ဘဏ်စနစ်ကို အကောင်အထည် ဖော်ရာတွင် နိုင်ငံခြားဘဏ်များနှင့် ပြည်တွင်းဘဏ်များ ပူးပေါင်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အီလက်ထရွန်နစ် ဘဏ်စနစ်များ ဖြစ်သော မိုဘိုင်းလ် ဘဏ်စနစ်နှင့် အင်တာနက် ဘဏ်စနစ်များကို ပြည်တွင်းဘဏ်များကို လုပ်ကိုင်ခွင့် ပေးထားကြောင်း၊ ပြည်တွင်းတွင် မိုဘိုင်းလ်ဖုန်းများ ပျံ့နှံ၍ အင်တာနက် ချိတ်ဆက်ပြီးသည့် အခြေအနေမျိုး ဖြစ်လာပါက မိုဘိုင်းလ်ဘဏ်စနစ်နှင့် ပြည်သူများ ပိုမို နီးစပ်လာမည်ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။
မိုဘိုင်းလ် ဘဏ်စနစ်ကို နိုင်ငံခြား ဘဏ်များနှင့် ပူးတွဲလုပ်ကိုင်ခွင့် ရပါက နည်းပညာ ရရှိနိုင်ပြီး ယခုလက်ရှိ လုပ်ဆောင်နေသည်ထက် ပိုမို အဆင့် မြှင့်တင်နိုင်ခြင်းနှင့် ဝန်ဆောင်မှုအသစ်များ ပိုမို ဆောင်ရွက်ပေးနိုင်ကြောင်း ပြည်တွင်း ဘဏ်လုပ်ငန်းရှင်များက ပြောကြားသည်။
"နည်းပညာရနိုင်တယ်။ ဒါပေမဲ့ သူတို့ လာလုပ်လည်း ဆက်သွယ်ရေးလိုင်းတို့၊ လျှပ်စစ်မီးတို့ ဆိုတဲ့ အခြေခံ အဆောက်အဦတွေ မကောင်းရင် ဘာမှ ထူးမှာမဟုတ်ဘူး" ဟု ၄င်းကဆိုသည်။
ဘဏ်ဝန်ဆောင်မှုများနှင့် အလှမ်းဝေးသော ကျေးလက်နေလူထုများ အသုံးပြုနိုင်ရန် မိုဘိုင်းလ်ဘဏ်စနစ် ကွန်ရက်ကို ပြည်တွင်းဘဏ်များ ပိုမို ချဲ့ထွင်နိုင်ပါက နိုင်ငံခြားဘဏ်များက ပြည်တွင်းဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူက ပြောဆိုသည်။
လတ်တလောတွင် အင်တာနက်ဖြင့် ငွေစာရင်း လွှဲပြောင်းခြင်း၊ ငွေစာရင်း စစ်ဆေးခြင်းများ အချိန်ပြည့် ပြုလုပ်နိုင်သော အင်တာနက် ဘဏ်စနစ်ကို ဧရာဝတီဘဏ်က လုပ်ကိုင်လျက်ရှိပြီး မိုဘိုင်းလ်ဖုန်းတွင် ပါဝင်သော ဖုန်းစာပို့ စနစ်၊ ဖုန်းကုတ် (USSD) စနစ်များကို သုံး၍ ငွေစာရင်း လွှဲပြောင်းခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည့် မိုဘိုင်းလ် ဘဏ်စနစ်ကို သမဝါယမဘဏ်၊ အင်းဝ ဘဏ်နှင့် မြဝတီဘဏ်တို့က လုပ်ကိုင်လျက်ရှိသည်။
ACM Credit To: The Voice Weekly
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.