0

စည်သူအောင်မြင့်

ပြီးခဲ့တဲ့ရက်ပိုင်း မန္တလေးမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေချိန် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က ရဲတပ်ဖွဲ့ဟာ မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်အသုံးပြုမှု ပိတ်ပင်တာ လုပ်ခဲ့ပါတယ်။ ဆက်သွယ်ရေးကို ညွှန်ကြားပြီး လုပ်တယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ အချိန်သိပ်အကြာကြီးတော့ မဟုတ်ပါဘူး။ ၂၄ နာရီ မပြည့်ခင် ပြန်ဖွင့်ပေးခဲ့ပါတယ်။ အဓိကကတော့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားတာတွေဟာ အမုန်းဓာတ်ခံတွေကို လှုံ့ဆော်ပေးသလို ဖြစ်နေတယ်။ ကြီးမားတဲ့ ပဋိပက္ခတွေဆီ ဦးတည်စေတယ်။ ဒါကို ထိန်းဖို့အတွက် ပိတ်ရတာလို့ ရဲမှူးချုပ် ၀င်းခေါင်က ဧရာဝတီသတင်းဌာနက မေးတာကို ဖြေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ ဖေ့စ်ဘွတ်ကြောင့် ဖြစ်ရတာလား၊ အမုန်းတရား ဖြန့်ဖြူးသူတွေကြောင့် ဖြစ်ရတာလား၊ ဒါကို နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်သလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

မန္တလေးမှာ အကြမ်းဖက်မှု အရှိန်မြင့်နေတုန်း ဧရာဝတီသတင်းဌာနက ရဲမှူးချုပ် ၀င်းခေါင်ကို ခုလို မေးပါတယ်။ “ကောလာဟလ အဓိက တိုက်ဖျက်နေရတယ်ဆိုတာက ဖေ့စ်ဘွတ်ကို ပိတ်လိုက်တာလား။ အဲဒါ အစိုးရက လုပ်လိုက်တာလား”။ သူပြန်ဖြေတာက “မှန်ပါတယ်။ ကျွန်တော်တို့ လုပ်လိုက်တာပါ။ လှုံ့ဆော်မှုတွေကို ပိတ်ချင်တာပေါ့ဗျာ။ လှုံ့ဆော်မှုတွေ သွေးထိုးမှုတွေ နားစွန်နားဖျားကြားမှုတွေ အကုန်လုံးကို လုပ်နေတဲ့အခါကျတော့ လူအုပ်စုအချင်းချင်းကြားထဲမှာ မိမိတို့ရဲ့ အဖွဲ့အစည်းကြားထဲမှာ အမုန်းဓာတ်ခံတွေကို လှုံ့ဆော်ပေးနေသလိုမျိုး ဖြစ်နေတဲ့အတွက် မိမိရဲ့ စာတစ်ကြောင်း ပေတစ်ကြောင်းသည် ဒါဟာ ကြီးမားတဲ့ ပဋိပက္ခကြီးတစ်ခုကို ဦးတည်စေတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ထိန်းကြရမှာဖြစ်တယ်။ ထိန်းမနိုင်သိမ်းမရ အခြေအနေကို မရောက်အောင်ကို ကျွန်တော်တို့ လုပ်ရတယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ မနိုင်နိုင်တဲ့နည်းနဲ့ ရအောင်ထိန်းသိမ်းရမှာပဲ။ အဲဒီလို ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့ရင်လည်း အဲဒီ အခြေအနေနဲ့ လိုက်လျောညီထွေသော နည်းလမ်းကို ကျင့်သုံးရမှာပဲ။ ရဲစကား ပြောရမယ်ဆိုရင် လိုအပ်ရင် လိုအပ်တဲ့ ပမာဏအထိ နည်းလမ်းစုံကို အသုံးပြုပြီးတော့ ဖြေရှင်းရမှာပဲ”လို့ ဆိုပါတယ်။

ဒါကိုကြည့်ရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ဖေ့စ်ဘွတ်လို အင်တာနက်လူမှုကွန်ရက် စာမျက်နှာကို အမြဲတစေ စောင့်ကြည့်နေတယ်ဆိုတာ ပေါ်လွင်ပါတယ်။ နောက် အဲဒီဖေ့စ်ဘွတ်ကနေ အမုန်းတရား ဖြန့်တာတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ လုပ်နေတယ်ဆိုတာလည်း သူတို့ သိပါတယ်။ ဒါဟာ ကြီးမားတဲ့ ပဋိပက္ခကြီး တစ်ခုဆီ ဦးတည်သွားနိုင်တယ်ဆိုတာလည်း သူတို့ သဘောပေါက်ပုံရပါတယ်။ ဒါဆိုရင် အဲဒီ အမုန်းတရားဖြန့်ဖြူးသူတွေကို ဘာကြောင့် အရေးမယူသလဲဆိုတာ မေးခွန်းထုတ်ရတော့မယ် ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ကတောင် ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၂ ရက် မိန့်ခွန်းမှာကတည်းက “ကျွန်တော်တို့အနေ နဲ့ နိုင်ငံအတွင်းမှာ တစ်ဖက်နဲ့ တစ်ဖက်အကြား အမုန်းတရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်းမရှိအောင် ကာကွယ်တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာဖြစ်တယ်”လို့ ပြောပြီးသား မဟုတ်ပါလား။

ဒီနေရာမှာ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြန်မေးလာနိုင်ပါတယ်။ ဖေ့စ်ဘွတ်သုံးတဲ့သူတွေကို အရေးယူလို့ ရသလား၊ ဘယ်သူတွေကို အရေးယူရမလဲ ဆိုတာပါ။ ၂၀၀၄ ခုနှစ် အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေမှာအတိအလင်း ပြဋ္ဌာန်းထားပြီးသားပါ။ ပြီးခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလတုန်းက ဒီဥပဒေကို အသုံးပြုပြီး လူရွှင်တော် ဇာဂနာအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အတိုက်အခံ လှုပ်ရှားသူတွေကို အီးမေးလ်တစ်စောင်ထောင် ၁၅ နှစ်၊ အီးမေးလ် လေးစောင် တွေ့သူကို ထောင်နှစ် ၆၀ အထိ ချခဲ့ဖူးတာ ပြည်သူတွေ မမေ့ကြသေးပါဘူး။ အဲဒီဥပဒေ ရှိနေဆဲပါ။

ဖေ့စ်ဘွတ်သုံးသူထဲမှာ ကိုယ့်နာမည် အမှန်နဲ့ ကိုယ်သုံးနေသူတွေရှိသလို ဘယ်သူမှန်း မသိရတဲ့ နာမည်ဝှက်နဲ့ သုံးနေသူတွေလည်း ရှိပါတယ်။ ပထမတစ်ဆင့် နာမည်အရင်းနဲ့ အမုန်းတရား ဖြန့်ဖြူးနေသူတွေကို အရင်စစ်ဆေးဖို့ လိုပါတယ်။ ဥပမာအားဖြင့် ပုဒ်မ ၅၉(စ) ဆက်ထားရှိရေး၊ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လိုက်လံဟောပြောနေတဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုးဝေရဲ့ သူ့ တရားဝင် Facebook အင်တာနက် စာမျက်နှာမှာ “မုဒိမ်းကျင့်တာကို ဥပဒေအတိုင်းရှင်း ဟုတ်လား- ဟား ဟားဟား-စော်ကားလွန်းတဲ့ ကုလားနှစ်ကောင်ကို မခံနိုင်လွန်းလို့ သတ်တယ်ကွာ- ဒင်းဆိုင်ကို ဖျက်တယ်ကွာ။ ရမ်းကားမှုကိုလည်း ဥပဒေနဲ့ ရှင်းကြပေါ့။ မုဒိမ်းကုလားရှိရင်- ရမ်းကားဗမာ ရှိနိုင်တာပဲကွ” ဆိုတာမျိုးအထိ တင်ထားတာ တွေ့နိုင်ပါတယ်။ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူရဲ့ “အရေးထဲ Eleven က တမှောင့်”ဆိုတဲ့ ပို့စ်အောက်မှာ “လူမျိုးရေး အဓိကရုဏ်း မဖြစ်စေချင်ရင် ဒေါ်စုကို သတ်၊ ဘာသာရေး အဓိကရုဏ်း မဖြစ်စေချင် ကုရ်အာန်နဲ့ ရှ့ရီအတ်ကို ပိတ်” ဆိုတာမျိုးအထိ မှတ်ချက်ဝင် ပေးထားပါတယ်။

အလားတူ အရှင်ဝီရသူတင်ထားတဲ့ ပို့စ်တွေ ဖတ်လိုက်တာနဲ့ ဘာသာတစ်ခုနဲ့ တစ်ခု အမုန်းတရားပွားစေတာမျိုး တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ အမုန်းဓာတ်ခံကို လှုံ့ဆော်ပေးတာ ဟုတ်မဟုတ်၊ အကြမ်းဖက်မှုဆီ ဦးတည်နိုင်မနိုင် စိစစ်ဖို့လိုပါတယ်။ တစ်ပြိုင်နက်တည်း နည်းပညာရှင်တွေ၊ နိုင်ငံတကာ ရဲတပ်ဖွဲ့ အကူအညီယူပြီး နာမည်ဝှက်နဲ့ လှုံ့ဆော်နေသူတွေကို ဖော်ထုတ် အရေးယူလို့ ရပါတယ်။ ဒီလို အရေးယူဖို့ လုပ်ငန်း စလိုက်တာနဲ့တင် အမုန်းတရား ဖြန့်ဖြူးသူတွေ ခြေလှမ်းအများကြီး ရပ်တန့်သွားနိုင်ပါတယ်။ နောက်တစ်ဆင့်ကတော့ နာမည်ဝှက်နဲ့ အမုန်းတရား ဖြန့်ဖြူးသူတွေ၊ သွေးထိုးလှုံ့ဆော်သူတွေကို လူထုနည်းနဲ့ ၀ိုင်းပယ်ဖို့ ဖြစ်ပါတယ်။

အခုတော့ ရဲတပ်ဖွဲ့အနေနဲ့ အမုန်းတရား လှုံ့ဆော်သူတွေကို အရေးမယူဘဲ သူအသုံးပြုတယ်ဆိုတဲ့ ဖေ့စ်ဘွတ်လို နည်းပညာကို ပိတ်ပင်ဖို့ကြိုးစားတာဟာ ကားထဲ ဗုံးတင်လာမှာစိုးလို့ လူတွေ အားလုံးကို ကားမစီးခိုင်းတာ၊ ဆိုင်ကယ်စီးပြီး ပစ်မှုကျူးလွန်မှာ စိုးလို့ ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် ပိတ်ပင်တာဆိုတဲ့ ဦးနှောက်မျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ နောက်ဆုံး တစ်ခုထောက်ပြလိုတာက အမုန်းတရား ဖြန့်ဖြူးသူတွေဟာ ဖေ့စ်ဘွတ်တစ်ခုတည်း အသုံးပြုနေတာ မဟုတ်ပါဘူး၊ တခြားအင်တာနက်ဆော့ဖ်ဝဲ ပေါင်းစုံသုံးပါတယ်။ ဗီနိုင်းတွေ၊ ပုံနှိပ်စက္ကူတွေ သုံးပါတယ်။ လူတွေကို တိုက်ရိုက်ဟောပြောပါတယ်။ အဲဒီ ဟောပြောချက်တွေကို ဗီဒီယိုဖိုင်၊ အသံဖိုင်တွေနဲ့ အင်တာနက်ကနေ ဖြန့်ဖြူးပါတယ်။ ဓာတ်ပြားလိုမျိုးနဲ့လည်း ဖြန့်ပါတယ်။ ဒါတွေကို မတားဆီး၊ အရေးယူတာ တစ်စုံတစ်ခုမှ မလုပ်ဘဲ ဖေ့ဘွတ်ကို ပိတ်ပင်တာဟာ မှန်ကန်တဲ့အလုပ်မဟုတ်တဲ့အကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ACM Credit To:Mizzima - News in Burmese
http://www.ayechanmon-news1.com/
Photo: ဖေ့စ်ဘွတ်ကို ပိတ်မလား၊ အမုန်းတရားဖြန့်တာ အရေးယူမလား

Post a Comment

Top