0

ရန်ကုန်၊ ဇူလိုင် ၂

အုပ်ချုပ်ရေးမဏ္ဍိုင်၏ လုပ်ဆောင်မှုများကို ပြည်သူလူထုကို အသိပေးရန် တာဝန်ယူထားသော ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့သတင်းစဉ်က နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများ၏ သတင်းများ အပါအဝင် ဌာနဆိုင်ရာ သတင်းများနှင့် ထုတ်ပြန်ချက်များ၊ အမိန့်စာများကို ပုဂ္ဂလိက သတင်းမီဒီယာများထံ ရောင်းချမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

အစိုးရအဖွဲ့၏ သတင်းများကို အဓိက ထုတ်ပြန်ရသော ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့သတင်းစဉ်က အဆိုပါ သတင်းများကို ဇူလိုင်လမှ စ၍ စတင်ရောင်းချရန် ပြင်ဆင်နေပြီး အသေးစိတ် အချက်အလက်များကို မကြာခင် ထုတ်ပြန်မည် ဖြစ်ကြောင်းကို ဇူလိုင်လ ၁ ရက်နေ့တွင် မြန်မာ့သတင်းစဉ်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အုပ်ချုပ်ရေးမဏ္ဍိုင်၏ လုပ်ဆောင်မှုများကို ပြည်သူလူထုကို အသိပေးရန် တာဝန်ယူထားသော ပြန်ကြားရေး ဝန်ကြီးဌာနက အစိုးရ၏ လှုပ်ရှားမှုများကို ပြည်သူတွေသိရှိရန် သတင်း ပြန်လည်ရောင်းချမည် ဆိုခြင်းသည် ရယ်စရာကောင်းသော ကိစ္စတစ်ခု ဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဇော်သက်ထွေးက ပြောကြားသည်။

“တော်တော်ရယ်စရာ ကောင်းတဲ့ ပြက်လုံးတစ်ခုပဲ။ ပြည်သူတွေက အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ သတင်းတွေကို သိချင်တယ်။ အဲဒါကို အုပ်ချုပ်ရေး မဏ္ဍိုင်ထဲမှာ တစ်ခု အပါဝင်ဖြစ်တဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းတွေကို ရောင်းစားမယ်ဆိုတဲ့ ဟာကတော့ တော်တော်ကို ရယ်စရာ ကောင်းတယ်” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

လူတစ်ယောက်က ရေးသားသော သတင်းတစ်ခုသည် လုပ်အား ပါရှိပါက ရောင်းချနိုင်ပြီး ယခု ပြန်ကြားရေး ဝန်ကြီးဌာနက ရောင်းချမည်ဆိုသော အချက်အလက်များ၊ သတင်းဓာတ်ပုံများသည် လူအများနှင့် သက်ဆိုင်သည့် သတင်းများ ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ တစ်ဖွဲ့သည် လူထုကို အသိပေးရမည့် ဝတ္တရားရှိပြီး ယင်းကို ရောင်းချမည် ဆိုသည်မှာ နားမလည်နိုင်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများကွန်ရက် (MJN) ၏ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။

“အစိုးရအဖွဲ့ ဘာလုပ်နေတယ် ဆိုတာ လူထုကို အသိပေးရမယ့်ဟာက နိုင်ငံတော် ဘတ်ဂျက်ထဲကနေတောင် သုံးစွဲပြီးတော့ ပြန်ကြားရေး ဝန်ကြီးဌာနက အလုပ်လုပ်နေတာလေ။ အဲဒီကနေ ငွေပြန်ရှာမယ် ဆိုတာကတော့ ကျွန်တော်ကတော့ နားမလည်နိုင်ဘူး။ ဘယ်လိုစိတ်ကူးနဲ့ လုပ်သလဲတော့ မသိဘူး။ ဒီဟာမျိုးကတော့ မကြားဖူးဘူး” ဟု ဦးမြင့်ကျော်က ဆိုသည်။

အစိုးရအဖွဲ့၏ သတင်းနင့် ထုတ်ပြန်ချက်များကို ရောင်းချရန် ပြင်ဆင်နေသော ပြန်ကြားရေး ဝန်ကြီးဌာနသည် အများပြည်သူ ဝန်ဆောင်မှု မီဒီယာလုပ်ငန်းကို လည်ပတ်ရန် လိုအပ်သော ငွေကြေး၏ ၇၀ ရာခိုင်နှုန်းကို ပြည်သူ့ဘဏ္ဍာမှ ထုတ်ယူသုံးစွဲခြင်း၊ မည်သူမဆို အများပြည်သူ ဝန်ဆောင်မှု မီဒီယာလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူကို နှောင့်ယှက်ပါက ဒဏ်ငွေ ကျပ်ငါးသိန်း ချမှတ်ခြင်းများ ပြုလုပ်နိုင်သည့် အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းထားသည်။

အဆိုပါဥပေဒတွင် အများပြည်သူ ဝန်ဆောင်မှု မီဒီယာ လုပ်ငန်းအတွက် လိုအပ်သော ပုံနှိပ်စက်နှင့် ပစ္စည်းကိရိယာများကို နှုန်းထား လျှော့ပေါ့၍ ဝယ်ယူနိုင်ခြင်း၊ ယင်းပစ္စည်းများကို တင်သွင်းရာတွင် အခွန်လျှော့ပေါ့ ပေးရေးနှင့် သတင်းစာများ ဖြန့်ဖြူးရာတွင် သယ်ယူပို့ဆောင်စရိတ် သက်သာစေရန် သက်ဆိုင်ရာ အစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်ရေး စသည့် ပုဂ္ဂလိက မီဒီယာများ မရရှိနိုင်သည့် သီးခြား အခွင့်အရေးများကို ထည့်သွင်း ရေးဆွဲထားသည်။

ACM Credit To :The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top