0

Published on: July 3, 2014

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ခ.မ.ရ ၅၃၂ စစ်တပ်အရာရှိတစ်ဦးအား ဧရာဝတီ သတင်းဂျာနယ်၏ အကြီးတန်းသတင်းထောက်က အမှုဖွင့်တိုင်ကြားထားမှုကို စစ်ဘက်ဥပေဒဖြင့်သာ စစ်ဆေးမည်ဟု ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးသို့ အကြောင်းပြန်စာ ပို့ဆောင်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သတင်းထောက်က စစ်တပ်အရာရှိတစ်ဦးအား အမှုဖွင့်တိုင်ကြားထားမှုကို ပြီးခဲ့သည့် ဇွန်လအတွင်း၌ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ တင်ပြခဲ့ပြီးနောက် တပ်မတော်အရာရှိအား စစ်ဘက်ဥပဒေဖြင့်သာ စစ်ဆေးမည်ဟု ပြန်လည်အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။

“တပ်မတော်အရာရှိကို စစ်ဘက်ဥပဒေနဲ့ပဲ စစ်ဆေးမယ်လို့ တိုင်းစစ်ဌာနချုပ်က အကြောင်းပြန်တယ်။ အကြောင်းပြန်စာက ဇူလိုင် ၂ ရက်က မြို့နယ်ရဲစခန်းကို ရောက်တယ်။ စစ်ဘက်ကအရာရှိတွေ စစ်ခုံရုံးဖွဲ့စစ်ဆေးမှာဆိုတော့ စစ်ဘက်က အမှုတွဲဖိုင် တောင်းခဲ့လို့ရှိရင် လွှဲပြောင်းပေးဖို့ပဲ ရှိပါတယ်” ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး သန်းမြင့်ဦးက ဇူလိုင် ၃ ရက်နံနက်ပိုင်းတွင် ဖြေကြားခဲ့သည်။

ခ.မ.ရ၅၃၂ စစ်တပ်အရာရှိတစ်ဦးက သတင်းထောက် ကိုကျော်ထွန်းအား ပိုင်နက်ကျုးလွန်မှုဖြင့် လှိုင်သာယာမြို့မရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုထားပြီး ကိုကျော်ထွန်းအနေဖြင့် ယင်းစစ်တပ်အရာရှိနှင့် အပေါင်းအပါများအား လုယှက်မှု၊ နာကျင်စေမှု၊ ဝတ္တရားနှောင့်ယှက်မှုတို့ဖြင့် ပြန်လည်အမှုဖွင့်သည့်အခါ ရဲစခန်းက ရဲအရေးမပိုင်သည့်အတွက် တရားရုံးကို ဦးတိုက်လျှောက်ရန်ပြောကြားခဲ့ပြီး တရားရုံးသို့ လျှောက်ထားရာတွင်လည်း တပ်မတော်သားဖြစ်နေ၍ သက်ဆိုင်ရာစစ်ဌာချုပ်၏ ခွင့်ပြုမိန့်ရရှိမှသာ လက်ခံစစ်ဆေးလို့ရမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တိုင်ကြားတဲ့ အရာရှိကို စစ်ဘက်မှာပဲ စစ်ဆေးမယ်ဆိုတော့ ဖြစ်စဉ်ကို ရှေ့နေ၊ ရှေ့ရပ်တွေနဲ့ ရှင်းလင်းခွင့်မရတော့ဘူးပေါ့။ ပြီးတော့ ကျွန်တော်သိသလောက်တော့ စစ်ခုံရုံးက အပြစ်ပေးရင်လည်း နယ်ပြောင်းတာတို့ပဲ လုပ်တာလို့သိရတယ်။ ဒါပေမဲ့ တပ်အရာရှိ ကျွန်တော့်ကို တရားစွဲထားတဲ့တရားရုံးမှာ ကျွန်တော့်ကို သူတို့ကျူးလွန်ခဲ့တာတွေကို အမှန်တိုင်းသိအောင် တင်ပြသွားမှာပါ”ဟု ဧရာဝတီသတင်းဂျာနယ်၏ အကြီးတန်းသတင်းထောက် ကိုကျော်ထွန်း က ဇူလိုင် ၃ ရက်တွင် ပြောကြားသည်။

ဧရာဝတီသတင်းဂျာနယ်၏ အကြီးတန်းသတင်းထောက် ကိုကျော်ထွန်းသည် လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် လယ်သမား ကိုအောင်မင်းလှိုင်က ၎င်းလယ်လုပ်ကိုင်သည့် မြေနေရာအား တပ်မှ ဖယ်ရှားခိုင်းသည့်ကိစ္စနှင့်ပတ်သက်၍ သတင်းပေးရန် မေ ၃၁ ရက်က ဆက်သွယ်ခဲ့သောကြောင့် ယင်းနေ့ ည၌ သွားရောက်ပြီး သတင်းယူနေစဉ် လူအယောက် ၃ဝ ခန့်က တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်၍ အိမ်ပေါ်ရှိ မီးချောင်းနှင့် မီးကြိုးများကို ရိုက်ဖြတ်မှုများ ပြုလုပ်ကြကြောင်း ယင်းသို့ဖျက်ဆီးမှုများအား ဓာတ်ပုံရိုက်သည့်အခါ လူသုံးဦးက ၎င်းအား ဝိုင်းဝန်းထိုးကြိတ်ကြကာ ဆိုင်ကယ်ဖြင့် ခ.မ.ရ၅၃၂ တပ်အတွင်း ခေါ်ဆောင်၍ စစ်ဆေးမြန်းမှုများပြုလုပ်ပြီး ရဲစခန်းတွင် ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း ဧရာဝတီအကြီးတန်းသတင်းထောက် ကိုကျော်ထွန်းက ဇွန် ၈ ရက်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

သတင်းမီဒီယာသမားတစ်ဦးသည် စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း အဓိကရုဏ်း၊ အများပြည်သူဆန္ဒပြရာနေရာဒေသတို့၌ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ သတင်းရယူစဉ်တွင် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်းစသည့် သတင်းရယူခြင်း နှင့်သက်ဆိုင်သော ကိရိယာများကို သိမ်းယူခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ်စေရမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းရှိက ယင်းတို့၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိစေရမည်ဖြစ်ကြောင်း သတင်းမီဒီယာဥပဒေ ပုဒ်မ-၇ တွင် ဖော်ပြထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပါရှိသည့် ပုဒ်မ-၃၁၉တွင် (ပုဒ်မ ၂၉၃ ပုဒ်မခွဲ (ခ)အရ စစ်ဘက်ဆိုင်ရာ တရားရုံးများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေအရ ဖွဲ့စည်း၍ တပ်မတော်သားများအတွက် တရားစီရင်ရမည်ဟု ဖော်ပြပါရှိပြီး ပုဒ်မ-၃၄၃ တွင်မူ (စစ်ဘက်တရားစီရင်ရာ တွင် - (က)တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ဥပဒေ နှင့်အညီ စီရင်နိုင်သည်။ (ခ)တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်ဟု ပြဌာန်းထားသည်။

ACM Credit To : Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top