ရန်ကုန်၊ ACM Re-Post 5-6-2014
ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ အားလုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ကြေညာထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ရွေးကောက်ပွဲတွက် အနိုင်ရရှိရေး အဓိကထား ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးရန် ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူထားကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက The Voice သို့ ပြောကြားသည်။
ဇွန်လ ၇ ရက်နှင့် ၈ ရက် နှစ်ရက်တိုင် ပြုလုပ်မည့် အဆိုပါ အစည်းအဝေးကို တစ်နိုင်ငံလုံးရှိ NLD ပါတီ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ပါတီတွင်း စည်းကမ်းအရ ဆွေးနွေးမယ့် အစီအစဉ်တွေကို အသေးစိတ် ထုတ်ပြန်လို့ မရပါဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးတွင် အခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဆန္ဒပြု လက်မှတ်များ ကောက်ခံရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တွေ့ကြုံရသော အခက်အခဲများနှင့် ပါတီတွင်း လိုအပ်ချက်များကို ညှိနှိုင်း ဆွေးနွေးမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။
အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးသည် ၂၀၁၂ ခုနှစ် NLD ညီလာခံအပြီး တတိယ အကြိမ်မြောက် ကျင်းပသော အစည်းအဝေး ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။
နယ်မြေအေးချမ်းမှု မရှိသော ဒေသများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသူ၊ သေဆုံးသွားသူ ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ဒုတိယအကြိမ်မြောက် ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာလ ပထမပတ်အတွင်း ပြုလုပ်မည် ဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ် အားလုံးသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။
Aye Chan Mon Credit To: The Voice Weekly
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment