0

နေပြည်တော်၊ ACM Re-Post 5-6-2014

လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသော မေးခွန်းများကို တည့်တည့် ဖြေဆိုပေးရန် သမဝါယမ ဒုတိယဝန်ကြီး ဦးသန်းထွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန်လ ၄ ရက်နေ့၌ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အသိပေး ပြောဆိုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

“လွှတ်တော် ကိုယ်စားလှယ်များက တည့်တည့်မေးတာ တည့်တည့်ဖြေပါ” ဟု သူရဦးရွှေမန်းက ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဖြစ်သော ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က သမဝါယမ ဝန်ကြီးဌာန အနေနှင့် အများပြည်သူ စီးပွားမြှင့်တင်ရေးနှင့် ဆင်းရဲမှု လျှော့ချရေးအတွက် နိုင်ငံပိုင် ထုတ်ချေးငွေများကို မည်သည့် ပါတီနှင့် မည်သည့် အဖွဲ့အစည်းမဆို ထုတ်ချေးပါသလား ဟူသော မေးခွန်းကို ဒုတိယဝန်ကြီးက သွယ်ဝိုက် ဖြေကြားနေသဖြင့် ၎င်းက ယင်းသို့ ထောက်ပြ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဝန်ကြီးဌာနက သမဝါယမ အသင်းသား ဖွဲ့စည်းခြင်းနှင့် ချေးငွေ ထုတ်ပေးသည့် လုပ်ငန်းများတွင် ပါတီစွဲ ဂိုဏ်းကဏ္ဍ စွဲများဖြင့် ငွေထုတ်ချေးနေခြင်း ပပျောက်ရန် ယင်းသို့ မေးမြန်းရခြင်း ဖြစ်ကြောင်း မေးခွန်းမေးသူ ဦးဝင်းမြင့်က ရှင်းပြသည်။

သမဝါယမ ဝန်ကြီးဌာန အနေနှင့် အသင်းသား ဖွဲ့စည်းခြင်းတွင် ဝိုင်းကြီးချုပ် စနစ်ဖြင့် ကျေးရွာဒေသအလိုက် ငါးဦးစီ ခေါင်းဆောင် ဖွဲ့စည်းပေးပြီး ချမှတ်ထားသော မူဝါဒများအလိုက် မည်သည့် ပါတီဝင်ကိုမဆို ချေးငွေ ထုတ်ယူလိုပါက အသင်းသားအဖြစ် လက်ခံဆောင်ရွက်ကြောင်း သမဝါယမ ဒုတိယဝန်ကြီး ဦးသန်းထွန်းက ဆိုသည်။

သူရဦးရွှေမန်းသည် ဇွန် ၃ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း ယေဘုယျဆန်သော စကားလုံးများဖြင့် လွှတ်တော်အတွင်း မေးမြန်းပြောဆိုခြင်း မလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်များကို သတိပေးခဲ့သည်။

Aye Chan Mon Credit To: The Voice Weekly
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top