0

Published on: June 22, 2014

နိုင်ငံသားတိုင်း၏ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ကန့်သတ်ချုပ်ချယ်ရာ ရောက်သဖြင့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဥပဒေမူကြမ်းအား ကန့်ကွက်ကြောင်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (CNDP) က ဇွန် ၂ဝ ရက်က သဘောထား ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အား ပြင်ဆင်ရေးဆွဲလျက်ရှိသော မျိုးစောင့်ဥပဒေကြမ်းနှင့် ပတ်သက်၍ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၏ သဘောထားထုတ်ပြန် ကြေညာချက်ဟုဆိုကာ ထုတ်ပြန်ခြင်းဖြစ်ပြီး ထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရက ၂ဝ၁၄ ခုနှစ် မေ ၂၇ ရက်က ထုတ်ပြန်ခဲ့သော ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃) တွင် ပါဝင်သော နိုင်ငံသား တစ်ဦးချင်းစီ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ကန့်သတ်ချုပ်ချယ်ရာ ရောက်ကြောင်းနှင့် ကုလသမဂ္ဂ၏ Universal Declaration of Human Rights (Article 18)နှင့်လည်း ကိုက်ညီမှုမရှိ၍ CNDP က ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ၁၂ သိန်းခန့်ရှိသော ချင်းလူမျိုးများသည် ရှေးယခင်ကပင် တောင်ပေါ်မြေပြန့် အနှံ့၌ နေထိုင်ကြပြီး ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ ကိုးကွယ်ကြကာ အချို့မှာလည်း နတ်ကိုးကွယ်သူများလည်း ရှိကြောင်း၊ ထို့အတွက် ဗုဒ္ဓဘာသာ အမျိုးသမီးနှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သော ဘာသာခြား အမျိုးသားတစ်ဦး လက်ထပ်ပေါင်းသင်းခြင်းကို ကန့်သတ်မည်ဆိုပါက ချင်းလူမျိုး ဗုဒ္ဓဘာသာဝင် အမျိုးသမီးနှင့် ချင်းခရစ်ယာန်အမျိုးသား၊ နတ်ကိုးကွယ်သည့် ချင်းအမျိုးသားများ၏ လက်ထပ်ပေါင်းသင်းခြင်းကို ကန့်သတ်ရာရောက်မည် ဖြစ်သဖြင့် လက်ခံနိုင်စရာ မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတွက် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံတွင် ဘာသာရေးကို အခြေခံသော ဘက်လိုက်မှုကင်းသည့် နိုင်ငံသည်သာ အသင့်တော်ဆုံး ဖြစ်ကြောင်းလည်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီက သဘောထား ထုတ်ပြန်ခဲ့သည်။

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဥပဒေအား သာသနာရေးဝန်ကြီးဌာနမှ ရေးဆွဲလျက်ရှိရာ ဥပဒေမူကြမ်းအား မေ ၂၇ ရက်က ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဥပဒေကြမ်းတွင် အခန်း (၇) ခန်းပါရှိကာ ဘာသာကူးပြောင်းလိုပါက လုပ်ဆောင်ပုံအဆင့်ဆင့် အပါအဝင်၊ တားမြစ်ချက်များနှင့် တားမြစ်ချက်များကို မလိုက်နာပါက ထောင်ဒဏ်ငါးလမှ နှစ်နှစ်အထိ ချမှတ်နိုင်သည့် ပြစ်ဒဏ်များကိုလည်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

လက်ရှိလွှတ်တော်၌ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ အပါအဝင် မျိုးစောင့်ဥပဒေ လေးရပ်အား ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် အရပ်ဘက် လူ့အဖွဲ့အစည်း အချို့နှင့် အမျိုးသမီး လူမှုအဖွဲ့အစည်းများမှလည်း ကန့်ကွက်မှုများ ရှိခဲ့သည်။

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top