တပ်မတော်သားများကို တောင်းပန်ကြောင်း ဝန်ကြီးဦးအောင်မင်းက ပြောလိုက်သည်။ သူရဘွဲ့ စွမ်းရည်ဘွဲ့များ ပေးရန်မလိုဟု ပြောမိခဲ့မှုကြောင့် ပြန်တောင်းပန်ရခြင်း ဖြစ်သည်။ တပ်မတော်သားများက ဆွေ့ဆွေ့ဆွေ့ဆွေ့ဟု အော်ကာ ထခုန်နေကြသဖြင့် ဦးအောင်မင်းက တောင်းပန်လိုက်ရခြင်း ပေတည့်။
အုတ်ခဲတို့ သံချောင်းပါတီ ထဲမှာလည်း ကာကွယ်ရေး ဝန်ကြီးလောင်း ဗြိတိသျှ ကိုကိုမောင်က သံချောင်းပါတီဝင်များကို ရဲရဲသောက် ရဲရဲမှောက်ဘွဲ့များ မပေးသင့်တော့ကြောင်း မူးမူးနှင့် လျှာသရမ်း ခဲ့ဖူးသည်။ ဒေါသထွက်နေသည့် သံချောင်းပါတီဝင် အရက်သမားထုကြီးက လမ်းပေါ်သို့ ထွက်ကာ လမ်းလျှောက်သောက်ပွဲကြီး ပြုလုပ်ကြသော်လည်း ကိုကိုမောင်က မတောင်းပန်သည့် အပြင် လျှာထုတ် ပြောင်ပြလိုက်သေးသည်။
ဘာဖြစ်ဖြစ် ၂၀၁၅ ရွေးကောက်ပွဲကြီးက နီးလာပြီ။ ပါတီတွေ၊ နိုင်ငံရေးသမားတွေ ကယောင်ချောက်ချား ဖြစ်နေပြီ။ ဘယ်ပါတီတွေ ဘယ်လိုယောက်ယက် ခတ်နေပါစေ။ ဒူးနန့်၍ ထိုင်သောက်မြဲ ပါတီမှာကား သံချောင်းပါတီပင် ဖြစ်လေ၏။ သမ္မတလောင်း ပြည်သူ့သံချောင်းကတော့ ဘီယာဘူးလေး လက်ကမချဘဲ အင်တာနက်မှ မော်ဒယ်လ်ပုံများ ထိုင်ကြည့်မြဲပေတည်း။ အုတ်ခဲလည်း ဆရာသခင် ပြည်သူ့သံချောင်းထံမှာ မဟာအကြံအစည်ကြီး ရှိမည်ဟု တထစ်ချ ယုံကြည်ထားလေ၏။
ဦးသံချောင်းကား... “သံချောင်း ပါတီဝင်များ ဆက်သောက်ကြပါ” ဟု တိုတိုပြတ်ပြတ် မိန့်ခွန်းလေး မိန့်ကြားပြီး ၂၀၁၅ တွင် ဘယ်ပါတီကို ဘယ်လိုခြေထိုးလျှင် ကောင်းမလဲ စဉ်းစားနေပုံ ရလေသည်။
ဒီကြားထဲ ဘူးလက်လှဆွေဟု နာမည်ကြီးသည့် လွှတ်တော်အမတ်မင်း ဦးလှဆွေက ကျဆုံးတပ်မတော်သားများ အတွက် ပေးအပ်သည့် ထောက်ပံ့ကြေးမှာ ဂျနီဖာလိုပက်ဇ်၏ တင်ပါးတစ်ခြမ်း အာမခံထားမှု ငွေကြေးပမာဏ လောက်သာ ရှိသည်ဟု ဘွင်းဘွင်းကြီး နှိုင်းယှဉ်ပြလိုက် လေ၏။ နိုင်ငံရေးသမားတို့လည်း ကွက်ကွက်ကွင်းကွင်းပင် လင်းခနဲမြင် ကုန်ကြ၏။ ဦးလှဆွေကို မဟာပညာရှင်ကြီးအဖြစ် လွှတ်တော်မှာ တင်မြှောက်ရန် အကြံပြုကြလေ၏။ လာမည့် ရွေးကောက်ပွဲတွင် ဦးလှဆွေကို မဲပေးရန် ဆုံးဖြတ်ကြကုန်၏။
ထို့ကြောင့် သံချောင်းပါတီကလည်း ဦးလှဆွေကို သံချောင်းပါတီ ကိုယ်စားလှယ် အနေနှင့် ဝင်ရောက် ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်လာလေ၏။
“ဒီအစိုးရသက်တမ်းမှာ ဟာသပြောခဲ့တဲ့ ဝန်ကြီးတွေ အားလုံးကို လာမယ့် ရွေးကောက်ပွဲမှာ သံချောင်းပါတီ အမတ်လောင်းတွေ အဖြစ် ယှဉ်ပြိုင်ဖို့ စည်းရုံးပါ” ဟု ပါတီဥက္ကဋ္ဌ ဦးသံချောင်း ကိုယ်တိုင်က လမ်းညွှန်လိုက်လေ၏။ ဦးလှဆွေ နှိုင်းယှဉ်မှုက ကမ္ဘာကျော်သွား သည့်အတွက် ဂျနီဖာလိုပက်ဇ်ပင် မျက်ခုံးခပ်လှုပ်လှုပ် ဖြစ်နေသည်ဟု ကြားရလေသည်။ “ရှင်တို့ မြန်မာ့နိုင်ငံရေးကလည်း ကျွန်မတင်တောင် အလွတ်မပေးပါလား ဦးလှဆွေရယ်” ဟု ဂျနီဖာလိုပက်ဇ်က ပြောသည်ဟု သတင်းများလည်း ထွက်ပေါ်လာလေသည်။
ထိုသို့ နိုင်ငံရေး ဝဲဂယက်ကြီး တဝဲလည်လည် ဖြစ်နေချိန်တွင် သံချောင်းပါတီ အတွက် မဟာအံ့အားသင့်ဖွယ် ကိစ္စကြီးတစ်ခုလည်း ဖြစ်ပေါ်လာခဲ့သည်။ ထိုအရာမှာ ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ ဖြစ်သည်။ ဖန်တီးရှင်ကား အောင်ရင်ငြိမ်း ဟူသတည်း။
အဆိုပါ ရိုမန်းဘော့ထ်သည် သားနှင့်အမိ၊ မောင်နှင့်နှမ ဖတ်ရှုရန် မသင့်တော်ကြောင်း ဝေဖန်ကုန်ကြသည်။
ထောက်ခံသူတို့ကလည်း “အိုဗျာ... ရတနာဝင်းထိန် စာအုပ်တွေ တုန်းကတောင် တစ်မိသားစုလုံး တူတူဖတ်ကြလို့လား။ ဒီလိုပဲ တစ်ယောက်တည်း ဖတ်မှာပေါ့လို့” ဟု တုံ့ပြန်ကုန်ကြသည်။
ပြန်ကြားရေး ဒုဝန်ကြီးဖြစ်သူ ဖွဘုတ်မင်းသားကြီး ဦးရဲထွဋ်ကလည်း “ဒီစာအုပ်ကို ကျွန်တော်တို့ အဖွဲ့လိုက် ဖတ်ရှုပြီး သုံးသပ်သွားပါမယ်” ဟု ပြောကြားလိုက်ရာ အဘယ်ကြောင့် အဖွဲ့လိုက် ဖတ်ကြရသနည်းဟု မေးခွန်းထုတ်သူများလည်း ပေါ်လာသည်။ အဖွဲ့လိုက် ဖတ်ရှုပါက “အဲဒီစာကြောင်းလေး ပြန်ဖတ်ပါဦး။ မရှင်းလို့။ ခဏလေး.... အဲဒီအခန်းကို အစအဆုံးတစ်ခေါက် ပြန်ဖတ်ပါဦး” စသဖြင့် အခန်းလေး တစ်ခန်းအတွင်း ကော်ဖီလေးငုံရင်း စာသားများကို ခံစားစစ်စီ နေကြမည့် လူကြီးမင်းတို့ကို မြင်ယောင်ကုန်ကြသည်။
သံချောင်းပါတီဝင် များကတော့ အဲဒီ ရိုမန်းဘော့ထ် စာအုပ်ကြီးကို အသည်းအသန် လိုက်လံ ရှာဖွေကြသည်။ ဖတ်ရှုပြီးသည့် သံချောင်းများက အချင်းချင်းကြား လူတွင်ကျယ် လုပ်ကြသည်။ စာအုပ်တွင် ပါဝင်သည့် စာကြောင်းများကို အလွတ်ကျက်ကာ လူထူထူနေရာတွင် ခပ်တည်တည် ရွတ်ပြကြသည်။ မိန်းကလေး တစ်အုပ်အနီး သွားရွတ်သည့် သံချောင်းပါတီဝင် တစ်ဦးတော့ ပါးကျိုးသွားသည်။ အောင်ရင်ငြိမ်း၏ အောစာအုပ် ရောင်းကောင်းသည်ဟု သတင်းကြားရသဖြင့် ပါတီရန်ပုံငွေ အလို့ငှာ ဦးသံချောင်းကိုယ်တိုင် အောစာအုပ် ရေးစားမည်ဟု ဆုံးဖြတ်လိုက်သည်။ ပါတီထဲမှ လက်စလက်န ရှိသူများ ဖြစ်သည့် ကိုကိုမောင်၊ မျိုးကျော်၊ မင်းထက်စံ၊ စိုပြေတို့ကလည်း အောစာအုပ်ကိုယ်စီ ရေးသားနေကြသည်။
သံချောင်းပါတီဝင် များသည်ကား ဘက်စုံတော်ကြသူများ ဖြစ်ရာ အောစာအုပ် ရေးရတာ မခက်ဟု ကြွေးကြော်ကြသည်။ ရိုမန်သံချောင်းတို့ကမ္ဘာဟု အမည်ပေးထားသည့် အောစာအုပ်များ ထုတ်ဝေရန် စိုင်းပြင်းကြသည်။ သို့ရာတွင် အောင်ရင်ငြိမ်းလို ပျစ်ပျစ်နှစ်နှစ် ရေးနိုင်ဖို့က ပညာလိုသည်။ အတွေ့အကြုံ လိုသည်။ သံချောင်းပါတီဝင်တို့က ဒီလောက် အတွေ့အကြုံ သိပ်မရှိကြသေး။ ဒါကြောင့် ရေးလက်စတန်းလန်း အောစာအုပ်တွေ ပုံလာသည်။ အဆုံးမသတ်နိုင်ကြ။
ထိုအချိန်တွင် အတိုက်အခံ ဒီမိုများကလည်း အောင်ရင်ငြိမ်း၏ ရိုမန်းဘော့ထ် စာအုပ်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အစိုးရက အာရုံလွှဲတာဖြစ်ကြောင်း စွပ်စွဲလိုက်ကြသည်။ ၅၉(စ) ကို မပြင်ဆင်လို၍လည်း ဖြစ်နိုင်သည်ဟု အော်ဟစ်ကာ အောင်ရင်ငြိမ်း အလိုမရှိ ဆန္ဒပြပွဲများကို ပြုလုပ်၍ လမ်းပေါ် ထွက်လာကြသည်။ “အောင်ရင်ငြိမ်းနဲ့ အစိုးရနဲ့ အကွက်ချပြီး စီစဉ်တာပဲ” ဟု ဟောပြောကြသည်။ ထို့ကြောင့် အောင်ရင်ငြိမ်းသည် အလိုလိုပင် အမျိုးသားသစ္စာဖောက် ဖြစ်သွားလေသည်။ အောင်ရင်ငြိမ်းကို ရိုက်မည့်နှက်မည့် သူများလည်း တန်းစီနေကြသည်။
ဒီမှာပင် တစ်စခန်း ထလာတာက ရဲကိုကိုတို့ ဖြစ်သည်။ ရဲကိုကိုတို့က အောင်ရင်ငြိမ်းကို မြေလှန် ရှာဖွေနေကြသည်။ စာအုပ် ဝယ်မရလို့ ဖြစ်နိုင်သည်။ မဖတ်ရသေးသည့် ရဲကိုကိုတချို့က အံ့ကြိတ်ကာ တက်ခေါက်ကြသည်။ ရဲစုံထောက်များက အောင်ရင်ငြိမ်းကို အသေရရ အရှင်ရရ လိုချင်နေသည်။ ထိုသို့ဖြင့် ရိုမန်ဘော့ထ်တို့ကမ္ဘာ ပိုင်ရှင် အောင်ရင်ငြိမ်းတစ်ယောက် ဘင်လာဒင် ပုံစံတစ်မျိုး၊ ကင်ဂျုံအီပုံစံ တစ်သွယ်၊ ကဒါဖီပုံစံ တစ်ဖုံ၊ မိုက်ကယ်ဂျက်ဆင်ပုံစံ တစ်ကြောင်း စသဖြင့် အမျိုးမျိုး ရုပ်ဖျက်ကာ ရှောင်တိမ်းနေရ တော့သတည်း။ ရဲကိုကိုတို့က စာအုပ်ရှာမရ၍ အောင်ရင်ငြိမ်းကို လိုက်ဖမ်းနေကြသတည်း။
ဒီမိုတွေကလည်း ပုဒ်မ ၄၃၆ ကို အာရုံလွှဲသည်ဆိုကာ အောင်ရင်ငြိမ်းကို ထိုးကြိတ်ရန် လိုက်ရှာနေကြသတည်း။
သံချောင်းပါတီကလည်း ရိုမန်သံချောင်းတို့ကမ္ဘာ အစီအစဉ်အတွက် အောင်ရင်ငြိမ်းကို လိုက်ရှာနေကြသတည်း။
သံချောင်းပါတီက လိုက်လံရှာဖွေရသည့် အကြောင်းရင်းကို မေးမြန်းကြည့်ရာ “ပညာသင်လို၍” ဖြစ်ကြောင်း သိရလေသတည်း။
လွန်တာရှိ ဝန္ဒာမိပါ အရပ်ကတို့။
(လော်ဘီအုတ်ခဲ)
Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment