ဖိုးစိုးသူ| ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၅ ရက်၊ ၂၀၁၄ ခုနှစ်။
ကမ္ဘာ့အမွေအနှစ် စာရင်းအဖြစ် ယူနက်စကိုက သတ်မှတ်ပေးခဲ့သော သရေခေတ္တရာမြို့ဟောင်းတွင် မူလနေထိုင်သူများအား ဖယ်ရှားပစ်မည်မဟုတ်ဟု ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က ဇွန် လ၂၃ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သော သရေခေတ္တရာမြို့ဟောင်း၊ ဗိဿနိုးနှင့် ဟန်လင်းမြို့ဟောင်းကို မပျက်စီးစေရန် ဒေသခံများအား ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သရေခေတ္တရာမြို့ဟောင်း ထိန်းသိမ်းရေး တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းပြီး ပညာပေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။
“ဒေသခံတွေ၊ မူလကတည်းက နေထိုင် သူတွေကို မဖယ်ခိုင်းပါဘူး။ ဟန်လင်းနဲ့ ဗိဿနိုးမှာတော့ လူနေအိမ်တွေ ကပ်နေတာတွေ မရှိတဲ့အတွက် ပြဿနာတော့ မရှိပါဘူး”ဟု ဆိုသည်။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်းသရေ ခတ္တရာမြို့ရိုးအတွင်း လူနေအိမ် ၁၇ လုံး နေထိုင်ခဲ့ပြီး အဆိုပါအိမ်များကို ရွှေ့ပြောင်း ခိုင်းမည်မဟုတ်ဘဲ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် မြို့ဟောင်းသွားရာ လမ်းတစ်လျှောက်ရှိ ထပ်မံဝင်ရောက်နေထိုင်သည့် ကျူးကျော်အိမ်များကို နိုင်ငံတော်အဆင့်ဖြင့် ဖယ်ရှားသွားမည်ဖြစ်ကြောင်း သရေခေတ္တရာ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေး ဦးစီးမှူး ဦးအောင်အောင်ကျော်က ပြောသည်။
“လောလောဆယ်တော့ အိမ်တွေနေထိုင်မှုနဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမယ်ဆိုတာလောက်ပဲ သိရသေးတယ်”ဟု ဆိုသည်။
သရေခေတ္တရာမြို့ဟောင်းသို့သွားရာ လမ်းတစ်လျှောက်တွင် ကျူးကျော်နေထိုင်သည့် အိမ်ပေါင်း ၁၀၀ ခန့် ရှိပြီး အဆိုပါပြဿနာကို ဖြေရှင်းရန်မှာ တာဝန်ရှိသူတို့၏ အားနည်းချက်များကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ခြင်းမရှိပါက ကမ္ဘာ့အမွေအနှစ် စာရင်းသတ်မှတ်မှု ပယ်ဖျက်သွားနိုင်သည်ဟု ပြည်မြို့ဒေသခံတစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။
“ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်း မသတ်မှတ်ခင်ကတည်းက ဒီမှာ ကျူးကျော်ပြဿနာတွေ ရှိနေပြီ။ ဒါကို အစောကြီးကတည်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြေရှင်းသင့်တယ်။ အခုတော့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားပြီ။ ဘယ်လိုဖြေရှင်းမလဲ။ အနုနည်းနဲ့ဖြေရှင်း မလား၊ အကြမ်းနည်းနဲ့ဖြေရှင်းမလား ဆိုတာက အရမ်းအရေးကြီးတယ်”ဟု ဆိုသည်။
ကုလသမဂ္ဂပညာရေး သိပ္ပံနှင့်ယဉ် ကျေးမှုအဖွဲ့ UNESCO က ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအတွင်းရှိ နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော ရှေးဟောင်းမြို့သုံးမြို့ဖြစ်သည့် ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာတို့ကို UNESCO ၏ “ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်နေရာများ” အဖြစ် ဇွန်လ ၂၂ ရက်က ပဏာမ ရွေးချယ်လိုက်သည်။ အဆိုပါ ရှေးဟောင်းပျူမြို့များတွင် အုတ်တံတိုင်း အကြွင်းအကျန် သုံးခုရှိသည်။ ကျုံးသွင်းထားသည့် အဆိုပါ ရှေးဟောင်းမြို့များမှာ ဧရာဝတီမြစ်ဝှမ်း ခြောက်သွေ့ဒေသတွင် တည်ရှိသည်။
Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.