ACM Re-Post 2-6-2014
Author: လွင်ချန်ဖြိုး(နတ်မောက်)
(၁)
သူတို့ ထမင်းစားဖို့ အလုပ်လုပ် နေကြသည်။ နောက်တစ်မျိုးပြောရလျှင် အသက်ရှင် ရပ်တည်နေနိုင်ဖို့ အလုပ်လုပ်နေကြသည်။ အမှန်ပင် သူတို့လုပ်သည့်အလုပ်၊ သူတို့ရသည့်ဝင်ငွေက ထမင်းစားဖို့နှင့် အသက်ရှင်ရပ်တည်နေနိုင်ဖို့သာ ထောက်ပံ့ပေးနိုင်ပေသည်။ ဒါတောင် ပုံသေသတ်သတ်မှတ်မှတ် အမြဲတမ်းရမည်ဟု စိတ်ချ လက်ချတွက်ဆမရနိုင်သည့် အနေအထား ဖြစ်သည်။
ထမင်းစားဖို့ဟု ဆိုသော် လည်း ထမင်းနှင့်ဟင်းနှင့် တူတူ တန်တန်စားရသည့် အကြိမ်အ ရေအတွက်မှာ မရှိသလောက် နည်းပါးလှသည်။ ထမင်းချက်ရန် မီးဖိုချောင်ရယ်လို့ မည်မည်ရရ မရှိ။ အိုးခွက်ပန်းကန်ရယ်လို့ ဟုတ်တိပတ်တိမရှိ။ ဆန်ရယ်လို့ အဆင်သင့် ၀ယ်ပြီးသားမရှိ။ ဟင်းရယ်လို့ ဈေးလိုက်ပြီး ၀ယ် ချက်သည်မရှိ။ ထမင်းတစ်အိုး ချက်ပြီး လမ်းဘေးဆိုင်မှ ဟင်း တစ်ရာဖိုး၊ နှစ်ရာဖိုးနဲ့ ပြီးကြရ သည်လည်း ရှိသည်။ ဟင်းမဟုတ်သော အစားအစာများနှင့် တွဲဖက်သည့်အခါ တွဲဖက်ကြရသည်။ လမ်းဘေးစာ၊ သရေစာများနှင့် ဗိုက်ဖြည့်ကြရသည့်အခါ ဗိုက်ဖြည့်ကြရသည်။
အသက်ရှင် ရပ်တည်နေနိုင် ဖို့ဟုဆိုသော်လည်း ကျန်းကျန်း မာမာ၊ သန်သန်စွမ်းစွမ်း အာဟာရဓာတ် ပြည့်ပြည့်၀၀ နေထိုင်ကြရသည်မဟုတ်။ လူ့အဆင့်အတန်းမီမီ၊ လူနှင့်တူတူနေထိုင်ကြရသည်လည်း မဟုတ်။ အိမ်ရယ်လို့မခေါ်နိုင်သော တဲများ၊ ယိုယွင်းပေါက်ပြဲနေသော အဆောက်အအုံများတွင် ဖြစ်သလို နေထိုင်ကြသည်။ အခန်းရယ်လို့ ဖွဲ့စည်းမှုမရှိ။ အမိုးအကာရယ်လို့ လုံလုံခြုံခြုံ မရှိ။ ၀င်းခြံစည်းရိုး မရှိ။ ပတ်ဝန်းကျင် သန့်သန့်ရှင်းရှင်း မရှိ။အမှိုက်များ၊ ရေဗွက်များ၊ မြောင်းပုပ်များမှ အနံ့အသက်များနှင့် နေ့စဉ်ယဉ်ပါးနေကြရသည်။
(၂)
သူတို့လုပ်သည့် အလုပ်က ပြန်ရောင်း၍ရနိုင်သော ပစ္စည်း များကို အမှိုက်ပုံများတွင် ရှာဖွေ ကြခြင်းဖြစ်သည်။ စွန့်ပစ်လာသမျှ ပစ္စည်းများထဲမှ ငါးကျပ်တန်၊ တစ်ဆယ်တန်ကအစ ရောင်းလို့ ရနိုင်တာမှန်သမျှကို ဦးရာသူစနစ်ဖြင့် အမှိုက်ပုံရှိသည့် နေရာများသို့ လှည့်လည်စုဆောင်းကြခြင်း ဖြစ်သည်။ အလုပ်တည်နေရာမှာ အမှိုက်ရှိသည့် နေရာတိုင်းဖြစ်သည်။ စားသည့်၊ နားသည့် အချိန်များမှလွဲ၍ ကျန်အချိန်အားလုံးသည် သူတို့၏အလု ချိန် ဖြစ်သည်။
ပီနန်အိတ်ခွံကြီးကြီးတစ်လုံး သည် သူတို့လက်ထဲတွင် အသင့် ကိုင်ထားကြရသည်။ လမ်းကြို လမ်းကြားလမ်းမများရှိ အမှိုက်ပုံ များရှိရာဆီသို့ သူတို့ခြေထောက် အားကိုးလျက် အရောက်သွားကြ ရသည်။ စက်ဘီးဟုဆိုသော်လည်းပစ္စည်းတင်ရန် အဓိကအသုံးပြုကြသည်။ မိသားစုလိုက် သွားသည်လည်း ရှိသည်။ ရင်ခွင်ပိုက် နို့စို့အရွယ်ကလေးများကို အမှိုက်ပုံဘေးချလျက် အမှိုက်ရှာနေသောမိခင်များကိုလည်း ပုံမှန် တွေ့ကြရသည်။ နှစ်နှစ်၊ သုံးနှစ် အရွယ် ကလေးများနှင့်အတူ အသက်ဆယ်နှစ်အောက် အမှိုက်ရှာ အုပ်စုများကိုလည်း နေ့စဉ်တွေ့ကြရသည်။
အမှိုက်အိတ်တင်ထားသော စက်ဘီးကို မိခင်ဖြစ်သူက တွန်း၊ စက်ဘီးနောက်မှာ နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်အရွယ် ရင်သွေးများက တကောက်ကောက်လိုက်ရင်း အလုပ်လုပ်နေသူများလည်း ရှိသည်။ ဆယ်ကျော်သက် လူငယ် လူပျို၊ အပျိုအရွယ်များ လည်း ပါသည်။ အသက်ခြောက် ဆယ်ကျော် ခုနစ်ဆယ်နီးပါးအ ရွယ် အဘိုးအို၊ အဘွားအိုများကို လည်း အမှိုက်ပုံများတွင် တွေ့ကြ ရသည်။ နေပူချိန်လည်း သူတို့အ လုပ်လုပ်သည်။ မိုးရွာလျှင်လည်း သူတို့ အလုပ်လုပ်သည်။ ညဖြစ် စေ၊ လင်းအားကြီးဖြစ်စေ၊ ညလုံး ပေါက်ဖြစ်စေ အမှိုက်ပုံများတွင် ထိုင်စောင့်ပြီး လုပ်ကြသည်။
သူတို့ရရှိသည့် ၀င်ငွေမှာ အမှိုက်ပုံမှရခြင်း ဖြစ်သည်။ ငါး ကျပ်၊ တစ်ဆယ်များကို စုပေါင်း ရခြင်းဖြစ်၍ သူတို့အတွက် နေ့စဉ် ၀င်ငွေမှာ ကျပ်ရာဂဏန်းများ လည်း ဖြစ်နေတတ်သည်။ အများ ဆုံးကိန်းဂဏန်းသည် ကျပ်သုံး လေးငါးထောင် ဖြစ်သည်။ ဘူးခွံ၊ ပုလင်းခွံအမျိုးမျိုး၊ ကော်နှင့် ပလတ်စတစ်ပစ္စည်း အကျိုးအပဲ့ အမျိုးမျိုး၊ ကတ်ထူစက္ကူနှင့် သံစ၊ သတ္တုအပိုင်းအစ အမျိုးမျိုးသည် သူတို့ဝင်ငွေရရှိရန်အတွက် အမှိုက်ပုံမှ တွင်းထွက်များဖြစ်သည်။ထို့ကြောင့် သူတို့၏ အလုပ်နှင့်ဝင်ငွေသည် လူများ၊ ဆိုင်များ၊ လုပ်ငန်းများမှ စွန့်ပစ်လာမည့် အမှိုက်များပေါ်တွင် မူတည်နေပါသည်။
‘‘အမေကြီးက ဒီလမ်းထိပ် မှာ ဒီအမှိုက်ပုံတစ်ပုံတည်းပဲ ကောက်ရပါတယ်။ တခြား အမှိုက်ပုံတွေဆီသွားပြီး မကောက်ရဲဘူး။ အော်လွှတ်၊ ငေါက်လွှတ်၊ ရန်ပြု လွှတ်တာတွေ ရှိတယ်။ အမှိုက် ကောက်တဲ့သူတွေမှာလည်း သူ့ အုပ်စုနဲ့သူ အမှိုက်ပုံတွေကို အပိုင်စား သတ်မှတ်ထားတာတွေ ရှိတယ်။ အမေကြီး အသက်ခုနစ် ဆယ်နီးပါပြီ။ နေ့တိုင်း မနက် သုံး လေးနာရီလောက် ထပြီး အမှိုက် ကောက်ပါတယ်’’လို့ မုံရွာမြို့ ကျောက္ကာလမ်းနှင့် ဘုရင့်နောင် လမ်းဆုံအနီး၌ တွေ့ရသော အဘွားတစ်ဦးက ပြောပြပါသည်။
အမှိုက်ပုံများ၊ အမှိုက် ကောက်သူများ၊ အမှိုက်ကောက် ပြန်လာသူများ၏ မြင်ကွင်းလှုပ် ရှားမှုများသည် နိုင်ငံခြား သတင်း ဌာနများနှင့် ကမ္ဘာလှည့်ခရီးသွား များအတွက် စိတ်ဝင်တစားမှတ် တမ်းတင်ဖွယ် အခြေအနေဟု ဆို နိုင်ပါသည်။ အမှိုက်ပုံများက နေ ရာတိုင်းတွင် သေးသေးကြီးကြီး ရှိနေတတ်သည်။ ဈေးများ၊ ကျောင်းများ၊ ရုံးများ၊ ဆေးရုံများ၊ လူနေအိမ်များ၊ ကျောင်းသား ကျောင်းသူ ဘော်ဒါဆောင်များ အနီးဝန်းကျင်တွင် မမြင်ချင်အ ဆုံး တွေ့ရတတ်ပါသည်။ ဘော လုံးပွဲများ၊ ဘုရားပွဲများ၊ အခြား အခမ်းအနားကျင်းပရာ နေရာများ တွင်လည်း တွေ့ရတတ်ပါသည်။
(၄)
စာရေးသူက မုံရွာမြို့တွင် နေသောကြောင့် မုံရွာမြို့ရှိ အမှိုက်ပုံများနှင့် အမှိုက်ကောက် သူများကို လေ့လာ၍ ဤစာစုကို ရေးမိခြင်း ဖြစ်ပါသည်။ အခြား မြို့ရွာများတွင်လည်း ဒီလိုအ ကြောင်းအရာပုံစံတူတွေ ရှိနေ လိမ့်မည်ဟု ယုံကြည်ပါသည်။
စာရေးသူတို့ မုံရွာမြို့မှ အ မှိုက်ကောက်သူများမှာ လမ်းမ ကြီးများရှိ အထင်ကရ အမှိုက်ပုံ များတွင် အမှိုက်ကောက်နိုင်မည့် အချိန်၊ တစ်နည်းအားဖြင့် သူတို့ အတွက် အလုပ်ချိန်တွေ ပြောင်း လဲသတ်မှတ်ခံရသလို ဖြစ်သွား ကြသည်။ သူတို့နေ့စဉ် အမှိုက် ကောက်နေကျ ထိုအမှိုက်ပုံကြီး များတွင် ‘‘နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း အမှိုက်လာရောက် စွန့်ပစ်ပါက ဒဏ်ငွေ ငါးထောင် ကျပ်ပေးဆောင်ရမည်’’ ဟု မြို့ နယ်စည်ပင်မှ သတိပေးဆိုင်း ဘုတ်များကို ပြီးခဲ့သော ရက်ပိုင်း အတွင်းက စိုက်ထူထားသော ကြောင့် ဖြစ်သည်။
ယခု ဆိုင်းဘုတ်အစိမ်းများ စိုက်ထူထားသော ထိုအမှိုက်ပုံ နေရာများတွင် ယခင်က သူတို့တစ်တွေ နံနက်ခင်း၊ နေ့လယ် နှင့် ညနေဘက်တွေမှာ အမှိုက် ကောက်နေကျ ဖြစ်သည်။ ဒဏ်ရိုက်မည်ဟုဆို၍ နေ့ခင်းဘက် တွင် အမှိုက်လာပစ်သူ မရှိသောကြောင့် သူတို့အမှိုက်ကောက် သမားများသည်လည်း ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း ညဆိုင်းအဖြစ် ပိုမိုအားထုတ်လျက် အလုပ်ချိန်ကို အပြည့်အ၀ ဆင်းနေကြရသည်။ အမှိုက်ပုံဘေးတွင် တစ်ယောက်တစ်လှည့် ညအိပ်စောင့်ပြီး အမှိုက်ကောက်ကြသည်။ အမှိုက်မကောက်နိုင်သေးသည့် ရင်ခွင်ပိုက် နို့စို့အရွယ်ကလေးများသည် အမှိုက်ပုံဘေးတွင် ညအိပ်ကြရသည်။
(၅)
မြို့ပြနယ်နိမိတ် စည်းမျဉ်း စည်းကမ်းများကို ဆွေးနွေးရန် မဟုတ်ပါ။ စာရေးသူတို့ လူ့ပတ် ၀န်းကျင်ရှိ အမှိုက်ကောက်သူများ ၏ ပုံရိပ်အချို့ကို တင်ပြခြင်းဖြစ် ပါသည်။ သူတို့သည် လူသားများ ဖြစ်သည်။ သူတို့သည် မြန်မာ နိုင်ငံသားများ ဖြစ်သည်။ သူတို့ သည် မုံရွာမြို့သူ မြို့သားများ ဖြစ်သည်။ အခမဲ့ပညာရေးသည် သူတို့လို့ မိသားစုများနှင့် မသက် ဆိုင်။ တန်ဖိုးနည်းဟုဆိုသော ဖုန်းဆင်းမ်ကတ်ခွဲတမ်းများသည် သူတို့နှင့် မအပ်စပ်။ ‘‘မိဘပြည်သူ များ ခင်ဗျား’’ဆိုသည်ကို သူတို့ မကြာဖူး။ ထိုမိဘပြည်သူများထဲ တွင် သူတို့ပါသည်၊ မပါသည်ကို သူတို့မသိ။ ၂၀၁၅ သည် သူတို့ အတွက် မျှော်လင့်ချက်မဟုတ်။
သူတို့ကောက်မည့် အမှိုက် ပုံတွင် သူတို့လိုချင်သည့် အမှိုက် များများရှိနေရေးသည် သူတို့၏ ဆန္ဒဖြစ်သည်။ သူတို့ရှိနေသည့် အမှိုက်ပုံများသို့ အမှိုက်လာပစ် သည့် လူများ၊ ဆိုက်ကားများ၊ ထော်လာဂျီများ၊ ကားများတွင် သူတို့လိုချင်သည့် အမှိုက်များများ ပါလာရေးသည် သူတို့၏မျှော် လင့်ချက် ဖြစ်သည်။ ဒီနေရာ မကောက်ရလျှင် အခြားနေရာ ရွှေ့ကောက်ကြမည်။ ဒီအချိန် မကောက်ရလျှင် တခြားအချိန် ရွှေ့ကောက်ကြမည်။ ကျန်တာ သူတို့ စိတ်မ၀င်စား။
လျှပ်စစ်မီး ရှိခြင်း၊ မရှိခြင်း သူတို့အတွက် ပြဿနာမဟုတ်။ သူတို့စားနေသည့် အစားအစာ များ သန့်သည် မသန့်သည်၊ လတ်သည် မလတ်သည်၊ ခန္ဓာကိုယ်အတွက် လိုအပ်ချက်နှင့် ညီသည်၊ မညီသည် သူတို့ဂရုမစိုက်။ အစာတစ်ခုခု နေ့စဉ်စားရဖို့နှင့် မနက်ဘက် အမှိုက်ကောက် ထွက်နိုင်ဖို့သာ သူတို့အတွက်အရေးပါသည်။ အမှိုက်ပုံများသည်သာ သူတို့အားကိုးခိုမှီရာ ဖြစ်သောကြောင့် ဘယ်နေရာ၊ ဘယ်အချိန်ဖြစ်ဖြစ် သူတို့အမှိုက်ကောက်နေရဦးမည်သာ ဖြစ်ပါသည်။
လောလောဆယ်မှာတော့ စာရေးသူနှင့် သိသည့် အမှိုက် ကောက်သူ အများစုမှာ သူတို့၏ စံနှုန်းအရ ၀င်ငွေများများစားစား ရနိုင်မည့် အမှိုက်ပုံကြီးများတွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအ တွင်း ထမင်းစားဖို့ အလုပ်ဆင်း လျက် ရှိနေကြပါသည်။ ။
Aye Chan Mon Credit To: 7 Days Daily
https://www.facebook.com/excellencemedia
ayechanmon-news1.com

Post a Comment