0

ACM Re-Post 1-6-2014
(ဆောင်းပါးရှင် - ဉာဏ်လင်းဖြိုး (ဝိုင်းချစ်))

လူ့ဘ၀က အငိုနဲ့စပြီး အငိုနဲ့ဆုံးကြရတာ ဖြစ်တယ်လို့ ဆိုတယ်။ လူတွေက အသက်နဲ့ လူလုပ်တာမဟုတ်ဘဲ အရှက်နဲ့ လူလုပ်ကြတာလို့လည်း ဆိုကြတယ်။ လူတစ်ဦးချင်းက မိခင်ရဲ့ ၀မ်းဗိုက်အတွင်း ကိုးလနေပြီး ၁၀ လမှာ မိခင်ဝမ်းဗိုက်ပြင်ပကို ရောက်လာကြရတာ ဖြစ်တယ်။ မိခင်ဝမ်းဗိုက်အတွင်းမှာ ရှိနေစဉ်ကာလမှာ မိခင်နဲ့ ချက်ကြိုးဆက်ထားတာဖြစ်လို့ မိခင်စားရင် ၀မ်းဗိုက်အတွင်းက ကလေးပါ ၀လင်စေတာ ဖြစ်တယ်။

သို့ပေမဲ့ မိခင်ဝမ်းဗိုက်ပြင်ပ ရောက်လာတဲ့အခါမှာတော့ မိခင်စားသလို မစားရတော့တဲ့အတွက် အရောင်းပညာကို စတင်သုံးစွဲပြီး ငိုပြလိုက်တာကြောင့် မိခင်ဖြစ်သူက သူမရဲ့ကလေး ဗိုက်ဆာနေတာ သိသွားပြီး နို့တိုက်တာဖြစ်တယ်။

အရောင်းပညာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က Persuasion လို့ခေါ်တဲ့ စည်းရုံးဆွဲဆောင်ခြင်းဆိုတာ ဖြစ်တယ်။ အရောင်းသမားတွေက မိမိရောင်းလိုတဲ့ ပစ္စည်းတွေ ရောင်းချရနိုင်စေဖို့ Persuasion ကို အသုံးချကြရတာဖြစ်တယ်။ လူတစ်ဦးချင်းရဲ့ ဘ၀မှာ အရောင်းပညာကို အသုံးချတတ်သူတွေက ရှေ့တန်းနေရာတွေ ရောက်နိုင်စေတာဖြစ်တယ်။

လူတစ်ဦးချင်းစီက သူတို့ရဲ့ ဘ၀တစ်လျှောက်လုံးမှာ အရောင်းပညာကို စဉ်ဆက်မပြတ် အသုံးချသွားကြရတယ်။ မိမိပြောလိုက်တဲ့ စကားကို အပြောခံရသူက နားလည်သဘောပေါက်မှု၊ လက်ခံမှုရရှိစေတာက အရောင်းပညာရဲ့ မှန်ကန်တဲ့ အသုံးချမှု ဖြစ်တယ်။

ထုတ်ကုန်အရောင်းတွေမှာ ရောင်းသူက မိမိဖောက်သည်တွေက မိမိထုတ်ကုန်ပစ္စည်းကို ၀ယ်ယူနိုင်စေဖို့ အရောင်းပညာကို အသုံးပြုကြရတယ်။ အလားတူ အဖွဲ့အစည်းတွေမှာ ကုမ္ပဏီဝန်ထမ်းတွေက ကုမ္ပဏီရဲ့ အတွင်းပိုင်းဖောက်သည် ဖြစ်တယ်။ ထိုနည်းတူစွာ နိုင်ငံသားတွေက နိုင်ငံအစိုးရရဲ့ ဖောက်သည်တွေ ဖြစ်တယ်။ မိမိဖောက်သည်တွေ စိတ်ကျေနပ်မှု ရရှိအောင် လုပ်ဆောင်ပေးဖို့ တာဝန်ရှိတယ်။

စာရေးသူတို့နိုင်ငံမှာ နှစ်ပေါင်း ၅၀ လုံးလုံး မိမိနိုင်ငံသားတွေကို မိမိတို့ရဲ့ ဖောက်သည်တွေအဖြစ် သဘောမထားဘဲ ရန်သူလို သဘောထားပြီး နည်းလမ်းပေါင်းစုံနဲ့ ပြားပြားဝပ်အောင် ဖိနှိပ်ခဲ့ကြတယ်။ အတိတ်ရဲ့ မကောင်းတဲ့ လုပ်ဆောင်ချက်တွေက ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရာမှာ အနှောင့်အယှက် အဟန့်အတားတွေအဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်တယ်။ မိမိနိုင်ငံသားတွေကို ဆက်ဆံရာမှာ ထမင်းတစ်နပ်စားတို့၊ ပါးရိုက်မယ်တို့၊ တရားအားထုတ် တရုတ်အားထားနေရလို့ တရုတ်ကို ကြောက်နေရတယ်ဆိုတာတွေ အပါအ၀င် မပြောသင့်၊ မပြောအပ်၊ မလုပ်သင့်၊ မလုပ်အပ်တဲ့ အပြောတွေ၊ အလုပ်တွေ လုပ်နေကြတယ်။

မိမိအပြောမှား အလုပ်မှားရင် ခေါင်းဆောင်က မိမိကိုယ်မိမိ တာဝန်ယူပြီး နှုတ်ထွက်တာတွေ လုပ်စေကြရမယ်။ မိမိအောက်လက်ငယ်သား မထွက်ရင် ခေါင်းဆောင်က မိမိကိုယ်တိုင် နုတ်ထွက်ပြရမှာ ဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီး စကားစပ်လို့ပြောကြရင်း ဆက်စပ်ပြောသူတစ်ဦးက သူတို့က မွေးလာကတည်းက ချက်ကြိုးဖြတ်ရာမှာ ရှက်ကြိုးပါပြတ်သွားတော့ အရှက်ဆိုတာ မရှိကြတော့ ပြောချင်ရာပြော၊ လုပ်ချင်တာလုပ်နေကြတယ်။

မကြာမတင်ကာလက တောင်ကိုးရီးယားနိုင်ငံမှာ ကူးတို့သင်္ဘော နစ်မြုပ်ရာမှာ ကျောင်းသား၊ ကျောင်းသူတွေ အပါအ၀င် အတော်များများ အသက်ဆုံးရှုံးခဲ့ရာမှာ ကျောင်းအုပ်ဆရာကြီးတစ်ဦးဆိုရင် သူ့ကိုယ်သူရှက်လို့ ထင်ပါရဲ့ ကိုယ်တိုင်သတ်သေသွားတယ်။ တောင်ကိုရီးယား ၀န်ကြီးချုပ်ဆိုရင် ၀န်ကြီးရာထူးကနေ ထွက်သွားတယ်။ ဘယ်လောက်လေးစားဖို့ ကောင်းသလဲဗျာ။

ရာထူးနေရာရလာရင် စာရေးသူတို့ နိုင်ငံမှာက အများအကျိုးလုပ်ဖို့ထက် ကိုယ်ကျိုးရှာ စီးပွားရေးလုပ်ဖို့ လွယ်ကူလာလို့ အဲဒီရာထူးကို လက်မလွတ်နိုင်ကြတာ ဖြစ်မယ်။ မိနစ်ပိုင်းလောက် ထိုင်ရတဲ့ လိုင်းကားပေါ်က ထိုင်ခုံနေရာကိုသော်မှ ဖယ်မပေးချင်ကြတာ အခုလို ထိုင်လို့ကောင်းတဲ့ ထိုင်ခုံမှာ ထိုင်နေရရင် ဘယ်ဖယ်ချင်တော့မှာလဲ။

အဓိက,ကတော့ နိုင်ငံကို အုပ်ချုပ်သူတွေများ မိမိတာဝန်က မိမိနိုင်ငံကို မိမိလူမျိုးအတွက် ဖြစ်ရမယ်ဆိုတဲ့ မှန်ကန်တဲ့ ခံယူချက်ရှိဖို့ လိုအပ်တယ်။ ယခင် ပုဂ္ဂိုလ်တစ်ယောက်က ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီးဦးဝင်းတင်ကို ပွဲတစ်ခုမှာ မလွှဲမရှောင်သာ တွေ့ရတော့ သူဆရာကြီးအပေါ်မှာ လုပ်ဆောင်ခဲ့မိတာကို တောင်းပန်တဲ့အကြောင်း ပြောရာမှာ ဆရာကြီးက သတ္တိရှိရှိနဲ့ ငါ့ကိုလာပြီးတောင်းပန်ဖို့ မလိုဘူး။ မင်းတောင်းပန်ရမှာက နိုင်ငံသား ပြည်သူတွေဖြစ်တယ်လို့ ပြောလိုက်တယ်။ တောင်းပန်တာတွေ အခုထိလုပ်တာ မတွေ့ရသေးဘူး။

ချက်ကြိုးက လူတိုင်း အမိဝမ်းကထွက်ရင် ဖြတ်ကြရတာ ဖြစ်တယ်။ သို့ပေမဲ့ အရေးကြီးတာက ချက်ကြိုးနဲ့ရောပြီး ရှက်ကြိုးပါ မပြတ်စေဖို့ဖြစ်တယ်။ လူဆိုတာ အရှက်နဲ့လည်း အသက်ရှင်တတ်ကြဖို့ လိုအပ်တယ်။ အပြောမဟုတ် အလုပ်နဲ့သက်သေပြပြီး ရှက်ကြိုးတွေ ဖြေနိုင်ကြပါစေ။

Aye Chan Mon Credit To: Eleven Media
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top